အလီဘာဘာနဲ့ ခိုးသား(၄၀) ဆိုတဲ့ ကမ္ဘာကျော်
အာရပ်ပုံပြင်ကို ကျွန်တော်တို့ ကြားဖူးကြမှာပါ။ နောက်ထပ် ကမ္ဘာကျော်တာကတော့ အလီဘာဘာ( Alibaba) ဆိုတဲ့ တရုတ်ကုမ္ပဏီဖြစ်ပါတယ်
အလီဘာဘာဆိုတာ အင်တာနက် online ပေါ်ကနေ ပစ္စည်း မှာယူ၊ဝယ်ယူလို့ရတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ဘဲ စဉ်းစားကြည့်ကြရအောင်
ကုန်သည်လုပ်မယ့်သူဟာ ကုန်ရောင်း၊ကုန်ဝယ်အကြောင်းကို ကောင်းစွာ နားလည်ထားရပါမယ်။ နားမလည်ဘဲနဲ့ လုပ်ရင် အရှုံးနဲ့ဘဲရင်ဆိုင်ရမှာပါ။ ကားပစ္စည်းရောင်းမယ့်သူဟာ ကားပစ္စည်းအကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားရပါမယ်။ အောင်မြင်ချင်ရင် ကျွမ်းကျင်တဲ့ အလုပ်ကိုလုပ်ပါလို့ ဆိုကြပြန်တယ်
Alibaba ကိုတည်ထောင်ခဲ့တဲ့ ဂျက်မား(Jack Ma ) ကတော့ ကမ္ဘာကျော်အင်တာနက် ကုမ္ပဏီကြီးကို တည်ထောင်ခဲ့ပေမယ့် အင်တာနက်အကြောင်းကို လုံးဝမသိတဲ့ သာမန်ကျောင်းဆရာတယောက်သာဖြစ်ပါတယ်။ ဒီမှာတင် အလီဘာဘာနဲ့ ဂျက်မားအကြောင်းက စိတ်ဝင်စားဖွယ် ပုံပြင်တပုဒ်ကို ဖြစ်လာခဲ့ပါပြီ
ဂျက်မားက ဘယ်သူလဲ? အလီဘာဘာကိုတည်ထောင်သူ ဂျက်မားရဲ့ အမည်ရင်းက “မားယွန်း” ဖြစ်ပါတယ်။ မားယွန်းကို ၁၉၆၄ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရဲ့ အနောက်တောင်ဖက် မိုင်တရာအကွာမှာရှိတဲ့ ဟန်ဂျိုမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ တရုတ်ဘာသာအရဆိုရင် မား ဆိုတာက “ မြင်း”လို့ အဓိပ္ပါယ်ရပြီး ယွန်းဆိုတာက “ တိမ်”လို့ အဓိပ္ပါယ်ရပါတယ်။ အပြည့်အစုံ ဘာသာပြန်ရရင် “ တိမ်ညွန့် တတ်စားသော မြင်းကလေး” ပေါ့။ မားယွန်းမှာ အကိုတယောက်နဲ့ ညီမတယောက်ရှိပါတယ်
မိခင်က စက်ရုံတခုမှာ ကုန်ထုတ်သမဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ဟန်ဂျိုဓာတ်ပုံအသင်းရဲ့ ဓာတ်ပုံဆရာတယောက်ဖြစ်ပါတယ်။ မားယွန်းဟာ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာခဲ့ရတဲ့အတွက် အင်္ဂလိပ်စာသင်ယူချင်တဲ့ သူ့ရဲ့အိမ်မက်က ပြည့်ဝမလာခဲ့ပါဘူး။ သူတို့မြို့လေးရဲ့ ဂုဏ်ဆောင် West Lake ကြောင့် ကမ္ဘာလှည့်ခရီးသည်တွေဟာ ဟန်ဂျိုမြို့ကို တဖွဲဖွဲရောက်ရှိလာခဲ့ကြပါတယ်။ မားယွန်းရဲ့ အိမ်မက်တွေ လက်တွေ့ဖြစ်လာတယ်လို့ ဆိုရမှာပါ။ သူဟာ မနက်အစောကြီး အိပ်ရာထ မိနစ်(၄၀) ကြာ စက်ဘီးနင်းပြီး ဟန်ဂျိုမြို့လည်ခေါင်က တိုးရစ်တွေနေတဲ့ တည်းခိုနေတဲ့ ဟိုတယ်ကိုသွားတယ်။ ပြီးသူက တိုးရစ်တွေကို ဝက်စ်လိတ်ခ်ရေကန်ကြီးဆီခေါ်သွားပြီး ပိုက်ဆံမယူဘဲ အလကား လိုက်ပို့ရှင်းပြပေးတယ်။ သူတို့ကလည်း မားယွန်းကို အင်္ဂလိပ်စာနဲ့ စကားပြောကို အလကား သင်ပေးကြတယ်။ ဒီအလုပ်ပြီးမှ သူက ကျောင်းသွားပါတယ်။ ဒီအလုပ်ကို သူဟာ ၉ နှစ်တိုင်တိုင် မိုးရွာရွာ၊ နေပူပူ၊ နှင်းတွေ ထူထူထဲထဲကျနေလည်း မပျက်မကွက် လုပ်ဆောင်ခဲ့တာပါ။ အမေရိကန်တိုးရစ် အမျိုးသမီးကြီးတယောက်က သူ့နာမည်ရင်း မားယွန်းကို ခေါ်ရခက်လို့ဆိုပြီး ဂျက်မားလို့ပေးခဲ့တာပါ။ အဲ့အချိန်ကစပြီး တိုးရစ်တွေက သူ့ကို မားယွန်းလို့ မခေါ်ကြတော့ဘဲ ဂျက်မားလို့ဘဲ ခေါ်ကြပါတော့တယ်။ တချိန်မှာ ကမ္ဘာကျော်လာမယ့် ဂျက်မားဆိုတဲ့ အမည်ဟာ စတင်ပေါက်ဖွားလာခဲ့ပါပြီ
ဂျက်မားက အလီဘာဘာကို မတည်ထောင်ခင် ဘာတွေရင်ဆိုင်ခဲ့ရလဲ? ဒီအချက်ကလည်း စိတ်ဝင်စားစရာပါ။ သူဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရာမှာ သင်္ချာဘာသာအတွက် အမှတ်(၁၂၀) ပေးတာ ၁မှတ်ဘဲရခဲ့ပါတယ်။ တက္ကသိုလ်တတ်ချင်တဲ့ အိမ်မက်တွေပျက်ပြယ်သွားတဲ့အတွက် ဟိုတယ်တခုမှာ စားပွဲထိုးဝင်လျှောက်တယ်။အရပ်ပုလို့ဆိုပြီး အလုပ်မရဘူး။ ရဲတပ်ဖွဲ့ထဲ လျှောက်ပြန်တော့လည်း လူကောင်သေးလို့ဆိုပြီး အရွေးမခံရပြန်ဘူး။ ဒါ့ကြောင့် တက္ကသိုလ်ဝင်ခွင့်ပြန်ဖြေပါတယ်။ သချာင်္ဘာသာမှာ (၁၉) မှတ်ထိတော့ ရခဲ့ပေမယ့် ဒုတိယအကြိမ် ကျရှုံးခဲ့ပြန်ပါတယ်။ ကုမ္ပဏီ(၁၁)ခုမှာ အလုပ်လျှောက်ခဲ့ပေမယ့် အကုန်လုံးက ပယ်ချခဲ့ကြပါတယ်။ တရုတ်ပြည်မှာ ပထမဆုံး လာဖွင့်တဲ့ အမေရိကန်ကြက်ကျော်ဆိုင်KFCမှာ အလုပ်လျှောက်တယ်။ လျှောက်ထားသူပေါင်း ၂၄ယောက်မှာ သူကလွဲလို့ ကျန်၂၃ယောက်စလုံး အရွေးခံရပါတယ်။ အရှုံးတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရပေမယ့် ဂျက်မားက လုံးဝစိတ်ပျက်မသွားပါဘူး။ သူဟာ တနင်္ဂနွေနေ့တိုင်း ချေးဂျန့်တက္ကသိုလ်ကိုသွားပြီး သင်္ချာဘာသာရပ်ဆိုင်ရာပုံသေနည်း၊ ဖော်မြူလာတွေကို သွားရောက် ကျက်မှတ်လေ့လာပါတော့တယ်။ အလွတ်ရတဲ့အထိ နှုတ်ကရွတ်ကျက်သလို စာရွက်ပေါ်မှာလည်း အကြိမ်ကြိမ်ချရေးတယ်။ ဒီလိုနဲ့ သင်္ချာဘာသာမှာ(၈၉) မှတ်နဲ့ ရရှိပြီးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲပို တတိယအကြိမ်မှာ အောင်မြင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရပ်အားလုံးရဲ့ စုစုပေါင်းရမှတ်ဟာ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ထားတဲ့ အမှတ်ထက် ၅မှတ်လျော့နည်းနေလို့ တရုတ်ပြည်က လေးနှစ်ကြာ တတ်ရမယ့် နာမည်ကြီး တက္ကသိုလ်တွေမှာ တတ်ခွင့်မရခဲ့ပါဘူး။ နှစ်နှစ်ကနေ သုံးနှစ်ကြာဘဲ တတ်ရမယ့် ကောလိပ်မှာဘဲ တတ်ခွင့်ရပါတယ်။ ကံကောင်းချင်တော့ ဟန်ဂျို ဆရာဖြစ်သင်တက္ကသိုလ်က လက်ခံမယ့် အမျိုးသားဦးရေ မပြည့်တာကြောင့် ဂျက်မားကို လက်ခံလိုက်ပါတယ်။ အဲဒီတက္ကသိုလ်ဟာ ဟန်ဂျိုမြို့ရဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ စာရင်းမပါဘဲ ဒုတိယ၊ တတိယအဆင့်မှာဘဲ ရှိပါတယ်
ဂျက်မားဟာ ကျောင်းဆရာဖြစ်တော့လည်း တလမှ ဒေါ်လာ၂၀အောက်ဘဲရပါတယ်။ သူဟာ ကွန်ပျူတာအကြောင်း မသိသလို ပရိုဂရမ်စာကြောင်းတကြောင်းတောင် မရေးခဲ့ဖူးပါဘူး။ အသက်(၃၀) အရွယ်မှာ အမေရိကန်နိုင်ငံကို ခေတ္တရောက်သွားတဲ့အခါကျမ အင်တာနက်ဆိုတာကို မြင်ဖူး၊ တွေ့ဖူးခဲ့တာပါ။ နောက်ပြီး သူ့ရဲ့ မိဘတွေနဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေကလည်း စီးပွားရေးသမားတွေ မဟုတ်လို့လည်း သူဟာ စီးပွားရေးလုပ်ငန်းအကြောင်း ဘာမှ မသိပါဘူး။
I ❤ Steemit
This post has received a 0.02 % upvote from @drotto thanks to: @toptenmotivation.
Thank u too @drotto