သူတော်ကောင်းဓာတ် ကိန်းအောင်းရာ အမေ့အိမ်
အမေ့ရဲ့အိမ်ဟာ သူတော်ကောင်းဓာတ်တွေနဲ့ အမြဲတန်း ခြုံလွှမ်းထားတဲ့ နေရာဆိုရင် မှားမယ် မထင်ပါဘူး။
အမေဟာ ဘာသာတရားမှာ သိပ်ပြီး စိတ်ဝင်စားမှု မရှိပေမယ့်၊ အဖေကတော့ ဘာသာတရားကို အလွန်ကိုင်းရှိုင်းတဲ့သူ တစ်ယောက်ပါ။
ကျွန်တော်ငယ်စဉ်က အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရ တစ်ခုကတော့ အဖေရဲ့ ဘုရားဝတ်တက်သံပါပဲ။ အဖေဟာ မနက်စောနဲ့ ညဘက်အိပ်ရာဝင်ကာနီးမှာ ဘုရားဝတ်တက် လေ့ရှိပါတယ်။ အဖေဟာ ရှည်လျှားလှတဲ့ ဘုရားရှိခိုးကို ရွတ်ဖတ်ပြီး ဝတ်တက်လေ့ရှိပါတယ်။
ဘုရားရှိခိုးအပြီးမှာ ချက်ခြင်းမအိပ်သေးပဲ ငုက်တုပ်ကြီးထိုင်ပြီး ငြိမ်နေတဲ့အဖေကို အဖေ့ရဲ့ဘေးမှာအိပ်လေ့ရှိတဲ့ ကျွန်တော်က အိပ်ရာထဲကနေပြီး အဖေ ဘာများလုပ်နေတာပါလိမ့်လို့ စဉ်းစားခဲ့ဖူးပါတယ်။
ငယ်ငယ်က စဉ်းစားခဲ့ဖူးတာလေးကို ပြန်သတိရပြီး အခုမှပဲ မေးခွန်းရဲ့ အဖြေကိုလည်းသိပါတယ်။ “ သြော်..အဲဒီအချိန်တုန်းက အဖေဟာ တရားထိုင်နေတာပါလား” လို့။
အိမ်ထောင်စုတစ်စုရဲ့ စားဝတ်နေရေးကို လုံးပန်းနေရတဲ့ အဖေဟာ တရားအားထုတ်ဖို့ကို ဝေးဝေးလံလံ မသွားနိုင်ပဲ၊ မိသားစုရဲ့ ဘေးမှာတင် ရတဲ့အချိန်လေးမှာ ကြိုးစားအားထုတ် သွားရှာပါတယ်။
အဖေငယ်စဉ်က နေကျော်ဆရာတော်ဘုရားနှင့် ချမ်းမြေ့ဆရာတော်ဘုရားတို့ရဲ့ ကျောင်းသွားဖေါ် သူငယ်ချင်းများ ဖြစ်ခဲ့ပါတယ်။ တစ်နယ်တစ်ကျေးမှာ ရောက်နေတဲ့ ချမ်းမြေ့ဆရာတော်ဘုရားကြီး ရှိရာ ရန်ကုန်မြို့တော်ကို အစဉ်မပြတ် ဝင်ထွက်သွားလာသလို၊ ရွာနားမှာရှိတဲ့ နေကျော်ဆရာတော်ဘုရား နဲ့ကတော့ နေ့စဉ်နီးပါး ဆုံတွေ့ ဖူးမြော်ပြီး ဓမ္မရေးရာများကို ဆွေးနွေးပြောဆိုတတ်ပါတယ်။
ရွာထဲမှာ သူအနီးကပ် ပေါင်းဖေါ်သွားသူများ ဟာလည်း တရားသမားများပဲ အများဆုံး ဖြစ်ပါတယ်။ အပေါင်းအဖေါ်များနဲ့ ဆုံဆည်းတိုင်း တရားစကားများပြောကြားခြင်း၊ အိမ်အလှည့်ကျ ဘုရားဝတ်တက်ခြင်းများ ပြုလုပ်ခြင်းဖြင့် ဘဝတစ်ခုရဲ့ နောက်ဆုံးအချိန်များကို ကုန်လွန်သွားစေပါတယ်။
အမေကတော့ စာမတတ်သလို ဘာသာတရားနဲ့ ပတ်သက်တဲ့ ရွတ်ဖတ်ပူဇော်ခြင်းများကို မဆိုတတ်ပါဘူး။ ဒါပေမယ့် ဒါနဘက်မှာတော့ အတော် အားသန်တယ် ပြောရပါမယ်။ အဖေလုပ်ချင်တဲ့ လှူခြင်းတန်းခြင်း၊ အပေါင်းအဖေါ်များကို အိမ်မှာ ပင့်ဖိတ်ပြီး ဘုရားဝတ်တက်ခြင်း များကို အမြဲတန်း ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ရပ်ဝေးမှာရောက်နေတဲ့ သားသမီးများဆီက ငွေကြေးလေး ရောက်လာတာနဲ့ အနည်းဆုံးတော့ အိမ်မှာ ဘုရားဝတ်တက် ဖြစ်ပါတယ်။
အဖေမရှိတဲ့နောက်ပိုင်းမှာ အစ်မက အဖေ့ရဲ့တာဝန်ကို ဆက်ပြီး ယူရသလိုဖြစ်သွားပါတယ်။ အိမ်မှာ ရံဖန်ရံခါ ဘုရားဝတ်တက် လုပ်ဖြစ်သလို၊ လှူရေးတန်းရေးမှာ ဘယ်အခါမှ လက်မနှေးခဲ့ပါဘူး။ အသက်အရွယ်ရလာတဲ့ အမေဟာ ပေးကမ်းလှူဒါန်းရာမှာ ပိုပြီး စိတ်အားထက်သန်လာတာကို တွေ့ရပါတယ်။ စာပေမတတ်တဲ့ အမေ့ရဲ့ လှူတန်းပုံက အတုယူစရာပင် ကောင်းပါသေးတော့တယ်။
အမေဟာ ဒါနပြုရာမှာ အလှူခံပုဂ္ဂိုလ်အပေါ်မှာ ခွဲခြားတဲ့ အမြင် လုံးဝမရှိပဲ အားလုံးအပေါ်မှာ ညီမျှတဲ့ စေတနာထားတာကို တွေ့ရပါတယ်။ အလှူအတန်းကြီး ပြုလုပ်ရာမှာထားတဲ့ အမေ့ရဲ့စေတနာနဲ့ နေ့စဉ်ဆွမ်းခံကြွလာတဲ့ ကိုရင်နဲ့ကျောင်းသားလေးကို ဆွမ်းလောင်းလှူတဲ့ စေတနာဟာ လုံးဝ ကွဲပြားမှု မရှိတာ တွေ့ရပါတယ်။ အိမ်မှာရောက်နေတဲ့ ရပ်ဝေးကဧည့်သည်နဲ့ စားချိန်သောက်ချိန်မှာ ရောက်လာတဲ့ အမည်မသိ ဈေးသည်ကို ခွဲခြားမှု မရှိပဲ ဖေါ်ဖေါ်ရွေရွေ၊ တယုတယ ကျွေးမွေးလေ့ရှိပါတယ်။
သူစားသောက်နေတဲ့အချိန်မှာ အနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ သူ့မြေးတွေ၊ကြောင်တွေ၊ခွေးတွေကို ခွဲခြားမှု လုံးဝမရှိပဲ “ ရော့”၊ “ အင့်” ဆိုပြီး ချကြွေးတတ်ပါတယ်။ အဲဒီအချိန်မှာတော့ အစ်မက “ အမေကလည်း ကိုယ့်ဟာကိုယ် ဖြောင့်ဖြောင့် စားစမ်းပါ။ ကလေးတွေကော၊ ခွေးတွေကော ဗိုက်ဝနေပါပြီ၊ အမေကကျွေးမှန်းသိလို့ သက်သက် ကပ်နေတာပါ”လို့ ဝင်ပြီး ဟန့်လေ့ ရှိပါတယ်။
အသက်ကြီးလာသည်နှင့်အမျှ သူကိုယ်တိုင် ဘာမှ မစီစဉ်နိုင်တော့တဲ့ အမေဟာ အစ်မသာလျှင် သူ့ရဲ့အားကိုးရာအဖြစ် သဘောထားပြီး “ခင်မာကြည်ရယ် အမေဖြင့် ဟိုလိုလေးလှူချင်လိုက်တာ။ ဟိုနေရာလေးမှာ အလှူငွေလေး ထည့်ချင်လိုက်တာ” စသည်ဖြင့် ပူဆာလေ့ ရှိပါတယ်။
အစ်မကလည်း သူကိုယ်တိုင် အလှူအတန်း ဝါသနာပါသူပီပီ “အမေလှူချင်တာကို သမီးဖြစ်အောင် လုပ်ပေးမယ်အမေ၊ ဘာမှမပူနဲ့” လို့ ကတိပေးပြီး၊ အမေ့ရဲ့ ဆန္ဒတွေကို တကယ်လည်း ဖြည့်ဆည်းပေးလေ့ ရှိပါတယ်။
တစ်ခြားအလှူများအပြင် အိမ်မှာ လေးငါးခြောက်နှစ် ဆက်တိုက် လုပ်ဖြစ်နေတဲ့ အလှူကတော့ ဘုံကျော်သံဃာတော်များကို တစ်နှစ်တစ်ကြိမ် ဆွမ်းကပ်ခြင်းပါပဲ။ ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ ရှင်ပြုအလှူဝင်နေ့ နေ့လည်မှာ၊ ရွာမှာ ဆွမ်းဆန်စိမ်းလောင်းပွဲ ပြုလုပ်လေ့ ရှိပါတယ်။
ဂန္ဓာရုံဘုံကျော် စာသင်တိုက်၊ စာချနာယက ဆရာတော် အရှင်သုမနသာရ လင်္ကာရ ဦးဆောင်တဲ့ သံဃာတော်များဟာ ဆွမ်းဆန်စိမ်းလောင်းပွဲမတိုင်ခင် အမေတို့အိမ်က ကပ်တဲ့ဆွမ်းကို ဘုဉ်းပေးပြီး ရွာဦးကျောင်းမှာ နားနေလေ့ရှိပါတယ်။ အမေတို့သာ ဆွမ်းမကပ်ခဲ့ရင် မိမိတို့ သီတင်းသုံးရာ ကျောင်းမှာ ဆွမ်းဘုဉ်းပေးပြီးမှ နေ့လည်နေပူပူမှာ ကြွလာကြရမှာ ဖြစ်တဲ့အတွက် သံဃာတော်များမှာ အလွန်ပဲ ပင်ပန်းကြပါတယ်။
~ ထိုထိုသော သံဃာတော်များ ဝင်ထွက်သွားလာရာ အမေ့အိမ်...
~ နေ့စဉ် ဆွမ်းခံကိုရင်နှင့် မောင်ကျောင်းသား ဝင်ထွက်သွားလာရာ အမေ့အိမ်...
~ ဝတ်အသင်းမှ သူတော်စင်များ ဝင်ထွက်သွားလာရာ အမေ့အိမ်...
~ ဆာလောင်သူများကို ကျွေးမွေးဖို့ စေတနာသဒ္ဓါတရား ထက်သန်ရာ အမေ့အိမ်…
ဒီအမေ့အိမ်ဟာဖြင့် သူတော်ကောင်းဓာတ်များ လွှမ်းခြုံထားတဲ့နေရာ ဖြစ်မှာ မလွဲပါ ခင်ဗျား။
(မှတ်ချက်။ ။ဒီနေ့ မှာ အမေရှိစဉ်၊ ခါတိုင်းနှစ်တွေကဲ့သို့ အစ်မဦးဆောင်တဲ့ဆွေမျိုးတစ်သိုက်ဟာ ဂန္ဓာရုံဘုံကျော် စာသင်တိုက်၊ စာချနာယက ဆရာတော် အရှင်သုမနသာရ လင်္ကာရ ဦးဆောင်တဲ့ သံဃာတော်များကို ဆွမ်းကပ်နေကြပါတယ်။ ဆရာတော်ရဲ့ညီ၊ ကိုမောင်ဝင်းရဲ့ ကျေးဇူးကြောင့် ဓာတ်ပုံတွေချက်ခြင်း ရောက်လာပေမယ့် စာရေးဖို့ အချိန်မရတဲ့အတွက် အရင်တင်ထားတဲ့စာလေးနဲ့ပဲ ပြန်တင်လိုက်ရပါတယ်ခင်ဗျာ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။)