{ဘဝနှစ်ခုရဲ့ ဆက်စပ်ရာ}
တခြားဘာသာတွေနဲ့ ယှဉ်ပြီးစဉ်းစားရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ နားလည်ရခက်တဲ့ အရာရှိတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ဘဝတစ်ခုနဲ့ တစ်ခု ကူးပြောင်းတာပါပဲ။
တခြားဘာသာတွေဟာ အတ္တဝါဒ ဖြစ်တဲ့အတွက် အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်လေး ရှိတယ်လို့ ယုံကြည်ကြပြီး၊ အဲဒီ ဝိညာဉ်ကောင်လေးကပဲ တစ်ဘမှ အခြားဘဝသို့ ကူးပြောင်းတယ်လို့ ယုံကြည်ကြပါတယ်။
မြတ်ဗုဒ္ဓရဲ့ ဝါဒကတော့ အနတ္တဝါဒဖြစ်တဲ့အတွက် ဘာကောင်မှ ကူးစရာမရှိပါဘူး။ ဘာကောင်မှ ကူးစရာမရှိလို့ ဒီဘဝပြီးရင် ပြတ်သွားသလား ဆိုတော့လည်း အဲလိုလဲ မဟုတ်ပါဘူး။ အဲလို ယူဆရင် (ပြတ်စဲအယူ) ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါလိမ့်မယ်။
တစ်ခါ၊ မပြတ်ပဲ နောက်ဘဝကို ကူးတယ်လို့ ယူဆပြန်ရင်လည်း(တည်မြဲအယူ) သဿတဒိဋ္ဌိထဲ ဝင်ပြန်ပါတယ်။
အဲဒီလို ဟိုဘက်အစွန်း, ဒီဘက်အစွန်း၊ အစွန်းတစ်ဘက်ဘက်နဲ့ ငြိစွန်းဘို့ လွယ်ပြီး၊ နားလည်ရခက်တဲ့အတွက် ကျွန်တော်ဟာ နှစ်ပေါင်းများစွာ သဿတဒိဋ္ဌိ ဖြစ်နေခဲ့ပါတယ်။
မိယိုးဖလာ ဗုဒ္ဓဘာသာကို ကျော်လွန်ပြီး ဗုဒ္ဓဘာသာကို စတင်လေ့လာစဉ်မှာ အထက်မှာ ဆိုခဲ့သလို ကျွန်တော်ဟာ သဿတဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာစာအုပ်လည်း ဖတ်ကျင့် မရှိသေးတော့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေ ဖတ်ရာမှာ၊ စေ့စေ့ပေါက်ပေါက် နားမလည်သလို၊ ဗြဟ္မဏဝါဒနဲ့ ရောပြွမ်းနေတာတွေကို ဖတ်မိပုံရတာလည်း ဖြစ်နိုင်ပါတယ်။
မည်သို့ပင် ဆိုစေ၊ နောက်ပိုင်းမှာ ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ တရားတွေ နာရင်း သဿတဒိဋ္ဌိစွဲတော့ ပြုတ်ခဲ့ပါရဲ့၊ ဒါပေမယ့် ဘဝတစ်ခုနဲ့တစ်ခုရဲ့ အဆက်အစပ်ကို နားလည်ရ ခက်နေဆဲပါပဲ။
အဲလိုဖြစ်နေတဲ့ ကျွန်တော်ဟာ အဘိဓမ္မာကို လေ့လာစဉ်မှာ ‘ဝီထိ’ လို့ ခေါ်တဲ့ စိတ် အစဉ်အတန်းနဲ့ ပတ်သက်ပြီး သင်ယူရပါတယ်။ အဲဒီ ဝီထိနဲ့ ဆက်စပ်ပြီး စဉ်းစားလိုက်တဲ့ အခါကျမှ ကျွန်တော့်ရဲ့ သဿတဒိဋ္ဌိစွဲဟာ ပိုပြီး ရှင်းသွားပြီး၊ ဘဝနှစ်ခုရဲ့ အဆက်အစပ်ကိုလည်း သဘောပေါက်သွားပါတော့တယ်။
[စိတ်နှစ်မျိုးသာ ရှိတယ်]
ကျွန်တော်တို့တွေမှာ ဖြစ်နေတဲ့ စိတ်ကို အကျဉ်းချုံးပြီး ခွဲရင် နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးက အာရုံနဲ့ ဒွါရတိုက်ပြီး ဖြစ်တဲ့ စိတ်ရယ်၊ နောက်တစ်မျိုးက ဒွါရက လွတ်ပြီး ဖြစ်တဲ့စိတ်ပါ။ အာရုံနဲ့ ဒွါရတိုက်ပြီး ဖြစ်တဲ့စိတ်ကို ဝီထိစိတ်လို့ ခေါ်ပါတယ်။ ဒွါရက လွတ်ပြီးဖြစ်တဲ့ စိတ်ကိုတော့ ‘ဝီထိဝိမုတ်’ (သို့) ‘ဝီထိမုတ်’ စိတ်လို့ ခေါ်ပါတယ်။
အဲဒီ ဝီထိမုတ်စိတ်ကိုပဲ အချိန်အခါအလိုက် ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ် ဆိုပြီး အမည်ကွဲသွားပါတယ်။ ပဋိသန္ဓေစိတ်ဟာ တစ်ချက်ပဲ ဖြစ်တာမို့ ကျွန်တော်တို့အတွက် ဖြစ်ပြီး သွားပါပြီ။ စုတိစိတ် ဟာလည်း တစ်ချက်ပဲ ဖြစ်မှာမို့၊ စုတိစိတ် တစ်ချက်ကျပြီးရင်လည်း သေပါပြီ။ အဲဒီတော့ ကျွန်တော်တို့မှာ ဖြစ်နေတဲ့ စိတ်ဟာ ဘဝင်စိတ်နဲ့ ဝီထိစိတ်ပဲ ရှိပါတယ်။
အဲဒီ ဘဝင်စိတ်ကို အရပ်ထဲမှာ မသိစိတ်လို့ ခေါ်ကြတာပါ။ ကျွန်တော်တို့တွေ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေချိန်မှာ ဘဝင်စိတ်တွေ ဆက်တိုက်ဖြစ်နေသလို၊ ဝီထိစိတ် တစ်ခုနဲ့ တစ်ခုကြားမှာလည်း ဘဝင်စိတ်တွေ ကြိုကြားကြိုကြား ဖြစ်ပါတယ်။ ဘဝင်စိတ်တွေဟာ အရင်ဘဝက ယူခဲ့တဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုခုကို အာရုံပြုပါတယ်။ ဘဝတစ်ခုကို စောင့်ရှောက်ဖို့ မရှိမဖြစ်တဲ့ ဘဝရဲ့ အင်္ဂါဖြစ်လို့ ဘဝင်လို့ ခေါ်တာပါ။ ဘဝင်စိတ်မရှိရင် ကျွန်တော်တို့ သေပါပြီ။
ကျွန်တော်အခု ပြောချင်တာကတော့ အာရုံနဲ့ ဒွါရတိုက်ပြီးဖြစ်တဲ့ ဝီထိစိတ်ပါပဲ။ အာရုံဆိုတာကတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိနဲ့ ကျန်တဲ့ တွေးကြံလို့ရတာ အမျိုးမျိုးပါ။ ဒွါရဆိုတာကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ လွယ်လွယ်ပဲ ဆိုကြပါစို့။
အဆင်းက မျက်စိကို လာတိုက်တဲ့အခါမှာ စိတ် အစဉ်အတန်းကြီး ဖြစ်ပါတယ်။ အဲဒီ စိတ် အစဉ်အတန်းကြီးကို ဝီထိစိတ်လို့ ခေါ်တာပါ။ အဆင်းတစ်ခုကို မြင်လိုက်ချိန်မှာ စိတ်အလုံးရေပေါင်း ၁၇ ချက် ပြည့်ပြီးမှ မြင်ခြင်းကိစ္စ ပြီးမြောက်ပါတယ်။ စိတ်ဖြစ်တာဟာ သိပ်မြန်လွန်းတဲ့ အတွက် သဗ္ဗညုတ ဉာဏ်တော်နဲ့သာ သိနိုင်တဲ့ အရာပါ။
စိတ်အစဉ်တန်း ဖြစ်ပုံကို အဘိဓမ္မာဝေါဟာရများနဲ့ စိမ်းနေသူများ နားလည်အောင် စာစကားနဲ့ မပြောပဲ အားလုံးနားလည်နိုင်တဲ့ စကားနဲ့ပဲ ရှင်းပြပါမယ်။
[ဝီထိစိတ် ဆိုတာ]
အဆင်းတစ်ခုကို မြင်လိုက်ချိန်မှာ ဘာမှ သဲသဲကွဲကွဲ မရှိသေးပဲ မြင်သလိုလိုသာဖြစ်ပြီး ပထမ ဘဝင်စိတ်တစ်လုံးက ကျော်သွားပါတယ်။ အဲဒီနောက်က ဆက်တိုက်ဖြစ်တဲ့ ဘဝင်စိတ်က လှုပ်သွားပါတယ်။ တတိယမြောက် ဘဝင်စိတ်က ပြတ်သွားပြီးမှ ဝီထိစိတ် စပြီးဖြစ်ပါတယ်။
ပထမဆုံး အဆင်းကို ဆင်ခြင်တဲ့ ဝီထိစိတ်ဖြစ်ပါတယ်။ အဲဒီနောက်မှာ မြင်သိစိတ် ဖြစ်ပါတယ်။မြင်သိစိတ်ပြီးတော့ လက်ခံတဲ့စိတ် ဖြစ်ပါတယ်။ လက်ခံတဲ့စိတ်ရဲ့နောက်မှာ စုံစမ်းတဲ့စိတ် ဖြစ်ပါတယ်။ စုံစမ်းတဲ့ စိတ်ရဲ့ နောက်မှာမှ မြင်လိုက်တဲ့အဆင်းဟာ ယောက်ျားပဲ, မိန်းမပဲ၊ ဘယ်သူပဲ, ဘယ်ဝါပဲလို့ ဆုံးဖြတ်ချက်ချတဲ့စိတ်ဖြစ်ပါတယ်။
အဲဒီလို ဆုံးဖြတ်ချက်ချပြီးမှ ပြုံးစရာလို့ ဆုံးဖြတ်ရင် ပြုံး၊ မဲ့စရာလို့ စဉ်းစားမိရင်တော့ မဲ့ပြီး၊ ဒေါပွစရာလို့ ထင်လိုက်ရင်တော့ ဝုန်းဒိုင်းကြဲပါလိမ့်မယ်။
ဒါကြောင့်၊ အဲဒီ ဆုံးဖြတ်ချက်ဟာ အရေးကြီးဆုံးနေရာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ ရှေ့မှာ ဖြစ်တဲ့ စိတ်အစဉ်တန်းဟာ အကျိုးစိတ်တွေ ဖြစ်တဲ့အတွက် ဘာမှ လုပ်လို့ မရပါဘူး။ မကောင်းတဲ့ အာရုံတွေနဲ့ ကြုံရတာဟာ အကုသိုလ်ရဲ့ အကျိုးတွေ ပေးတဲ့ အချိန်ပါ။ ကောင်းတဲ့ အဆင်းတွေ မြင်နေရတယ်၊ အရသာရှိတဲ့ အစားအသောက်တွေ စားနေရတယ် ဆိုရင်တော့ ကုသိုလ်အကျိုးတွေ ပေးနေတာပါ။
ဒီ အကျိုးစိတ်တွေဟာ သတ္တဝါတွေလုပ်ခဲ့တဲ့ ကံအပေါ်မှာ မူတည်တာမို့၊ ဘယ်သတ္တဝါရယ်လို့ ခွဲခြားမှုမရှိပဲ မိမိတို့ကံအလိုက် ရင်ဆိုင် တွေ့ကြုံရတာပါ။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တွေလည်း ဣဋ္ဌာရုံတွေနဲ့ ကြုံတွေ့နိုင်သလို၊ ဘုရားရဟန္တာတွေလည်း အနိဋ္ဌာရုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတာပါပဲ။ အဲဒါကိုပဲ ဝိပါက နိယာမအရ “ဝိပါက်အမှန်” လို့ ဆိုပါတယ်။
အနိဋ္ဌာရုံတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် အကုသိုလ် ကံဟောင်းစုတွေ အကျိုးပေးနေပြီလို့ သိနိုင်သလို၊ ဣဋ္ဌာရုံတွေနဲ့ ကြုံနေပြီဆိုရင်တော့ ကုသိုလ်ကံတွေ အကျိုးပေးနေပြီလို့ သိနိုင်ပါတယ်။
[ယောနိသော မနသိကာရ]
အခု၊ ဒီ ဆုံးဖြတ်ချက်ချတဲ့နေရဟာ ယောနိသော မနသိကာရလို့ ခေါ်တဲ့ မှန်ကန်တဲ့ နှလုံးသွင်းရှိဖို့ အရေးကြီးတဲ့ နေရာပါ။ ဆုံးဖြတ်ချက် ချတဲ့စိတ်ရဲ့နောက်မှာ ‘ဇော’ စိတ်တွေ လာတော့မှာ မို့ပါပဲ။ ဇောစိတ်တွေဟာ အကြောင်းစိတ်တွေ ဖြစ်တဲ့အတွက် (အခုဏက အကျိုးစိတ်တွေလို မဟုတ်ပဲ) ကျွန်တော်တို့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာပါ။
ဆုံးဖြတ်ချက်မှာ နှလုံးသွင်းမှန်ရင် ဘယ်လိုအာရုံနဲ့ကြုံကြုံ ကုသိုလ်ဇော စောနိုင်ပြီး၊ နှလုံးသွင်းမှားရင်တော့ အကုသိုလ် ဇောသာ စောပါလိမ့်မယ်။ အဲဒီလို စောမိတဲ့အပေါ်မှာ မူတည်ပြီး တချိန်ချိန်မှာ အကျိုး ပြန်ပေးပါလိမ့်မယ်။
ဒီ ဇော နေရာဟာ မိမိတို့ နှလုံးသွင်းတဲ့ အပေါ်မှာ မူတည်ပြီး၊ ဗလောင်းဗလဲ ဖောက်လွဲဖောက်ပြန် စောချင်သလို စောနိုင်တာမို့ “ ဇော အပြန် ” လို့ ဆိုပါတယ်။
ဒီနေရာဟာ သိပ်ပြီး အရေးကြီးတဲ့နေရာပါ။ ဒီနေရာကို နားလည်လိုက်တာနဲ့ တည်မြဲအယူနဲ့ ပြတ်စံအယူ စင်သွားနိုင်သလို၊ ကံတွေရဲ့ အကျိုးပေးရာ အချိန်ကာလကို နားလည်သွားတဲ့အခါ၊ အခု သစ်ပင်စိုက်, အခု အသီးစားချင်လို့ မရဘူးဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။
အဲဒီလို သဘောပေါက်မှ ဗုဒ္ဓဘာသာမှာ အခြေခံအကျဆုံးဖြစ်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ ဖြစ်ပြီး၊ ကံ- ကံ၏အကျိုးကို တကယ်နားလည်ပြီး ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဖြစ်မှာပါ။
[ဇော စောတယ် ဆိုတာ]
ဇော စောတယ်ဆိုတာ အာရုံရဲ့ အရသာကို အရှိန်အဟုတ်ပြင်းပြင်းနဲ့ ဆက်တိုက် ခံစားတာကို ပြောတာပါ။ ဥပမာ၊ ဒေါသဇောဆိုရင် “ရှူးရှဲ၊ ရှူးရှဲ” နဲ့ ဖြစ်နေသလိုပေါ့။ လောဘဇောဆိုရင်တော့ “ပြုံးပြုံး၊ ပြုံးပြုံး” ပေါ့။
ကုသိုလ်ပြုလုပ်နေတဲ့အချိန်, ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အချိန်မှာ, ကုသိုလ်စိတ်တွေ ၇ ကြိမ် ဆက်တိုက် ဖြစ်ပါတယ်။ ထို့ အတူပဲ၊ အကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အချိန်မှာလည်း အကုသိုလ်စိတ်တွေ ၇ ကြိမ် ဆက်တိုက် ဖြစ်ပါတယ်။
ထပ်ပြီးရှင်းပြရရင် လိုချင်လောဘ ဖြစ်နေတဲ့အချိန်မှာ လောဘဇောတွေ ၇ ကြိမ် ဆက်တိုက်ဖြစ်ပါတယ်။ အဲဒါကိုပဲ လောဘဇောတိုက်တယ်လို့ အရပ်ထဲမှာ ပြောကြတာပါ။ ထို့အတူပဲ စိတ်ဆိုး ဒေါသဖြစ်နေရင်လည်း ဒေါသဇောတွေ ၇ ကြိမ် ဆက်တိုက်ဖြစ်ပါတယ်။
အဲဒါကို ပဋ္ဌာန်းနည်းနဲ့ ကြည့်ရင် အနန္တရ/ သမနန္တရ ပစ္စည်းအနေနဲ့ အကြားအလပ်မရှိပဲ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်နေတာပါ။
တစ်ခါ၊ အာသေဝန ပစ္စည်းနဲ့ ကုသိုလ်စိတ်ဆို, ကုသိုလ်စိတ် မျိုးတူတွေ၊ အကုသိုလ်စိတ်ဆို, အကုသိုလ်စိတ် မျိုးတူတွေ အထပ်ထပ် ထုံမွှမ်းပြီး ဖြစ်နေတာပါ။
အဲဒီ ဇော ၇ ကြိမ်ရဲ့နောက်မှာ အာရုံရဲ့အရာသာကို ထပ်မံခံစားတဲ့ တဒါရုံစိတ် နှစ်ကြိမ် ဖြစ်ပြီး ဘဝင်စိတ် ပြန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အခုဏက ဇော ၇ ကြိမ်ဟာ ‘ကံ’ မြောက်သွားပါပြီ။ တနည်းအားဖြင့် အကျိုးပေးဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ အဲဒီ အကျိုးပေးဖို့ အဆင်သင့် ဖြစ်နေတဲ့ ‘သတ္တိ’ လေးကိုပဲ ‘ကံ’ လို့ ခေါ်တာပါ။ တနည်းအားဖြင့် ‘ကမ္မသတ္တိ’ ပေါ့။
[ကံ ဆိုတာ]
ကံမြောက်သွားပြီဆိုတော့ ဒီနေရာမှာ ပဋ္ဌာန်းပါဠိတော်ထဲက “ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” ကို သတိရလိုက်ပါ။ ကုသိုလ်ကံ, အကုသိုလ်ကံတွေဟာ ပဋိသန္ဓေစိတ်နဲ့ ကမ္မဇရုပ်တွေကို အကျိုးပေးပါတော့မယ်။
ကျွန်တော်တို့ တစ်သက်သာမှာ စုမိနေတဲ့ ကောင်းကံတွေ၊ မကောင်းကံတွေဟာ တစ်ပုံကြီးပါ။ အဲဒီအထဲကမှ ကံ တစ်ခုခုက ပဋိသန္ဓေ အကျိုးပေးမှာပါ။ ပဋိသန္ဓေအကျိုးကို ပေးမယ့်ကံကို ‘ဇနကကံ’ လို့ ခေါ်ပါတယ်။
ကျန်တဲ့ ကံ တွေဟာ ပဋိသန္ဓေအကျိုး မပေးနိုင်သော်လည်း ကျွန်ုပ်တို့နဲ့အတူ သံသရာတစ်လျောက်မှာ အဖေါ်မွန်ဖြစ်စေ၊ အဖေါ်ယုတ်ဖြစ်စေ မကွဲမကွာ အတူ လိုက်ပါနေမှာပါ။ အဲဒီလို လိုက်နေပြီး ကုသိုလ်ကံက အခွင့်သာရင် ကောင်းတာတွေ ဖြစ်လိုက်၊ အကုသိုလ်ကံက အခွင့်သာရင် မကောင်းတာတွေ ဖြစ်လိုက်နဲ့၊ ဖြစ်နေမှာပါ။
ဒီကြားထဲမှာမှ ဘဝတစ်ခုလုံးကို ဖြတ်ချပစ်နိုင်တဲ့ ကံက အကျိုးပေးရင် အချိန်မတန်သေးပဲ သေရပါတယ်။ အဲဒါကို ‘ဥပစ္ဆေဒကကံ’ ထိုက်တယ်လို့ ခေါ်တာပါ။ ဥပမာ၊ ယာဉ်တိုက်မှုဖြစ်ပြီး သေတာတို့ သူများသတ်လို့ သေရတာ တို့ပေါ့။
[ကံတွေရဲ့ အကျိုးပေးရာ အချိန်ကာလ]
ဒီနေရာမှာ ကံ- ကံရဲ့အကျိုးကို နားလည်ဖို့အတွက် ‘ကံတွေရဲ့ အကျိုးပေးပုံ အချိန်ကာလ’ ကိုနားလည်ရပါမယ်။
အခုဏက ပြောခဲ့တဲ့ ဇော ၇ ကြိမ်မှာ ပထမဆုံး ဇောစိတ်ဟာ အကြောင်းတွေ ညီညွတ်ရင် အခုဘဝမှာ အကျိုးပေးပါလိမ့်မယ်။ အကြောင်း မညီညွတ်ရင်တော့ အဟောသိကံ(အချည်းနှီး) ဖြစ်သွားပါလိမ့်မယ်။
နောက်ဆုံး ၇ ကြိမ်မြောက် ဇောစိတ်ဟာ လာမယ့်ဘဝမှာ အကျိုးပေးပါလိမ့်မယ်။ အဲဒီဘဝမှာမှ အကျိုးပေးခွင့် မရရင် အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။
အလည်ဇော ၅ ချက်ဟာ (ရဟန္တာမဖြစ်မခြင်း) အဟောသိကံ မဖြစ်ပဲ တတိယဘဝမှစပြီး အထက်မှာဆိုခဲ့သလို ကျွန်တော်တို့ရဲ့အဖေါ်အဖြစ် သံသရာတစ်လျောက် လိုက်ပါပြီး အကျိုးပေးပါလိမ့်မယ်။
အလည် ၅ ချက်က ကံတွေကို မမြင်နိုင်တဲ့အတွက် ကျွန်တော်တို့တွေဟာ “ငါဟာကောင်းတာတွေ လုပ်နေလျက်နဲ့ မကောင်းတာတွေ ဖြစ်နေတယ်။ သူကတော့ မဟုတ်တာ မှန်သမျှလည်း လုပ်နေသေးတယ် အဆင်ကိုပြေလို့” ဆိုပြီး မျက်စိလည် သွားကြတာပါ။
ဒီကြားထဲမှာမှ “လူကောင်းတွေက မြန်မြန်သေပြီး၊ မကောင်းတဲ့သူတွေက သက်ဆိုးရှည်နိုင်ကြတယ်” လို့ မှတ်ချက် ချမိတတ်ကြပါတယ်။
ကံတွေရဲ့ ဆန်းကျယ်ပုံကို မမြင်နိုင်တော့လည်း အတွေးအခေါ်တွေ မှားသွားနိုင်တာပေါ့လေ။
[သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကို ကင်းဖို့ ဆက်ပြီး ရှင်းကြပါစို့]
ကျွန်တော်တို့ သေသွားပေမယ့် ပဋိသန္ဓေအကျိုးကိုပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ကံ၊ သို့မဟုတ် ကမ္မသတ္တိလေးက ပြေပျောက် မသွားပဲ စုတိစိတ်ရဲ့နောက်မှာ နောက်ဘဝရဲ့ ပဋိသန္ဓေစိတ်အဖြစ် အကြားအလပ် မရှိပဲ အနန္တရ/ သမန္တရပစ္စည်း အနေနဲ့ ဆက်ပြီး အကျိုးပေးနေမှာပါ။
ဒီနေရာကိုနားလည်ရင် ‘ ပြတ်စဲအယူ’ နဲ့ ‘တည်မြဲအယူ’ အပြင် မကျွတ်မလွတ်ဘူးဆိုတဲ့ ‘ကြားကာလဘဝ’ အယူပါ ကင်းစင်သွားနိုင်ပါတယ်။
ဆိုတော့၊ ဒီဘဝကသေသွားရင် နောက်ဘဝတွေလာအုံးမယ်ဆိုတဲ့ ‘သံသရာ’ ကို လက်ခံထားကြတဲ့ အတွက် ‘ ပြတ်စဲ’ အယူနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ပြဿနာ မရှိပါဘူး။ ပြဿနာရှိနိုင်တာက ‘တည်မြဲအယူ’ နဲ့၊ ‘ ကြားကာလဘဝ’ အယူပါ။
စိတ်တွေဟာ အနန္တရ/ သမနန္တရအနေနဲ့ ဒီဘဝ စုတိစိတ်ကနေ နောက်ဘဝရဲ့ ပဋိသန္ဓေစိတ်ကို ဆက်တိုက်ဖြစ်တယ် ဆိုတာကို ကြည့်ခြင်းအားဖြင့် မကျွတ်မလွတ်ပဲ ကြားကာလ ဘဝလေး တစ်ခုရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိသင့်ပါတယ်။
မကျွတ်မလွတ်ဘူးလို့ အများပြောနေကြတာဟာ တကယ်တော့ ဘဝတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါဟာ ပြိတ္တာဘဝပါ။ ပြိတ္တာဘဝကို ကြားကာလဘဝလို့ ယူဆရင် သံသရာမပြတ်မခြင်းဟာ ကြားကာလဘဝတွေ ချည်းလို့ ယူဆရမလို ဖြစ်နေပါတယ်။
လောကကြီးတခုလုံးဟာ အဖြစ်နဲ့ အပျက်ကြားမှာ ခဏရပ်တည်နေတယ် ဆိုတာနားလည်ရင် တည်မြဲအယူကို ပယ်ပြီးဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်အနေနဲ့ တစ်ဘဝကနေ အခြားဘဝကို ဘာမှ ပါမသွားပါဘူး ဆိုတာဟာ သိသာနေတဲ့အတွက်လည်း တည်မြဲအယူကို ပယ်ရပါမယ်။
[ဘဝနှစ်ခုရဲ့ ဆက်စပ်ရာကို ဘယ်လိုနားလည်ရမလဲ]
သိပ္ပံပညာမှာ စွမ်းရည်ရဲ့ နိယာမ ဆိုတာရှိပါတယ်။ အဲဒါကတော့ စွမ်းရည်ဟာ ပုံသဏ္ဌာန်သာပြောင်းလို့ရပေမယ့် ချေဖျက်ပစ်လို့ မရပါဘူး။
ထို့အတူပဲ ကမ္မသတ္တိဟာ လူဖြစ်လိုက်၊ ခွေးဖြစ်လိုက် စသည်ဖြင့် ဘဝအမျိုးမျိုးသာ ပြောင်းလို့ရပေမယ့် (ဘုရား, ရဟန္တာ အဖြစ် ပရိနိဗ္ဗာန် မစံမခြင်း) ချေဖျက်ပစ်လို့မရပါဘူး။
အဲဒီ ကံ ဆိုတဲ့ သတ္တိကို အရဟတ္တမဂ်ကသာ ချေဖျက်ပစ်နိုင်တာမို့၊ ရဟန္တာမဖြစ်မခြင်း ဘဝတွေ ဆက်တိုက်လာနေအုံးမှာပါပဲ။
ကုသိုလ်/ အကုသိုလ်ဖြစ်တဲ့ အကြောင်းတွေ လုပ်တိုင်း ကမ္မသတ္တိရဲ့ အစွမ်းနဲ့ အကျိုးစိတ် ဖြစ်တဲ့ ပဋိသန္ဓေစိတ်ကတော့ လာနေအုံးမှာပါ။ ဒီသတ္တိလေးဟာ ရဟန္တာဖြစ်သွားတဲ့ အခါမှသာ အကျိုးသက်ရောက်မှု ကင်းမဲ့သွားပြီး အကြောင်းတွေလုပ်ပေမယ့် အကျိုးစိတ် မဖြစ်တော့ပဲ ကြောင်းကျိုးလွတ်တဲ့ ကြိယာစိတ် ဖြစ်မှာပါ။
ဆိုတော့၊ ဒီဘဝက စုတိစိတ်ကျတာနဲ့ စိတ်အစဉ်တန်းဟာ ပြတ်တောက်မှု မရှိပဲ ဟိုဘဝမှာ ပဋိသန္ဓေစိတ် သွားဖြစ်မှာပါ။
စကားအဖြစ်သာ “ပဋိသန္ဓေစိတ်သွားဖြစ်မှာ” လို့ ဆိုရပေမဲ့၊ ပဋိသန္ဓေစိတ်ဟာ တစ်စက္ကန့်ရဲ့ ကုဋေတစ်သိန်းပုံရင် တစ်ပုံအတွင်းမှာ ဖြစ်မယ့်အတွက်၊ ဒီလောက်မြန်ဆန်တဲ့အတွင်းမှာ နောက်ဘဝတစ်ခုကို ဖြစ်တယ်ဆိုတော့ စဉ်းစားကြည့်ရင် မထူးဆန်းသလို၊ ကြောက်စရာလည်း မဟုတ်ပါဘူး။
ဒါပေမဲ့…
ပုထုဇဉ်ဘဝက မလွတ်သေးသမျှတော့ ဘယ်ဘဝကိုရောက်မယ်ဆိုတာ သေချာရေရာမှု မရှိတဲ့အတွက် ကြောက်စရာပါပဲ။
ကြောက်လည်း ကြောက်ကြတာပါပဲ။ ကြောက်လည်း ကြောက်သင့်ပါတယ်။ သံသရာကို မကြောက်ဘူးလို့ ဆိုသူတွေဟာ လူမိုက်တွေနဲ့ အရိယာသာ ဖြစ်ပါလိမ့်မယ်။
အရိယာတွေ အနေနဲ့ ထောက်ရာတည်ရာ ရသွားလို့ မကြောက်သင့်ပေမဲ့ ကိလေသာတွေ ထူပျစ်နေအောင် လိမ်းကျံထားပြီး မကြောက်ဘူး ဆိုသူတွေဟာ၊ လူ့အသိုင်းအဝိုင်းမှာ လိမ္မာယဉ်ကျေးတဲ့ အသွင်ရှိရင်တောင် လူမိုက်စစ်စစ်တွေဖြစ်လို့သာ မကြောက်ကြတာ ဖြစ်ပါလိမ့်မယ်။
အချိန်ရှိခိုက်မှာ ကြောက်စရာကို ကြောက်စရာလို့ အမှန်အတိုင်း သိမြင်ပြီး လုပ်သင့်သည်များကို ပြုလုပ်နိုင်ကြပါစေ လို့ ဆန္ဒပြုရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။
အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ..
မေတ္တာဖြင့်