လက်ထဲက ဆေးကဒ်လေးကို ကြည့်ပြီး ရှုံ့မဲ့လိုက်မိတယ်။
ငယ်ငယ်တုန်းကဆို ဆေးသောက်ရမှာ အရမ်းကြောက်တာ။
အမေက နှာခေါင်းအတင်းပိတ်တိုက်ရတာနဲ့ အမှုန့်ချေပြီး လက်ဖက်စားဇွန်းလေးနဲ့ ပါးစပ် အတင်းထိုးထည့် တိုက်ရတာနဲ့ အတင်းရုန်းကန် ငြင်းခဲ့တာ။
ဟော. . .နည်းနည်းလေး အရွယ်ရလာတော့ ကိုယ်တိုင် သောက်ခိုင်းပါလေရော။ ဆေးကဒ်လေးထဲကနေ ဆေးလေးတွေ ထုတ် ပြီးတော့ လက်တစ်ဖက်က ကိုင်ထား နောက်လက်တစ်ဖက်က ရေခွက်ကို တင်းတင်းဆုပ် ကဲ ဂလုပ် ဂလု။
မြိုချလိုက်တယ် ထင်သလား ဟင့်အင်ပဲ. . . လည်ချောင်းမှာ တစ်စို့ပြီး မျက်နှာကြီး ရှုံ့မဲ့ကာ ဝေါ့ခနဲ ပြန်ထွေးထုတ်လို့ အတီးခံရတာ ခဏ ခဏ။ သောက်သလိုလိုနဲ့ မသိမသာလေး လွှင့်ပစ်လိုက်တဲ့အခါကလည်း ရှိသေး အဟေးး။
ဟော. . .အခုတော့ တစ်ယောက်ထဲသမား ဝန်ထမ်းဘဝ ။
မိသားစုနဲ့ အတူ မရှိခဲ့တာ ကြာပြီဆိုတော့ကား ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်ရပေါ့။
ငယ်ငယ်ကလိုတော့ ဆေးသောက်ရမှာ မကြောက်ပေမယ့် ဆေးသောက်ရမှာ ပျင်း ။ ဆေးသောက်ရမှာ မကြိုက်တော့ နှာစေးချောင်းဆိုး တစ်နေ့ သုံးခွက်ဆိုတဲ့ ဆေးကဒ်လေးကို အိမ်ယာဘေးမှာ အသာချကာ ထား၍ တစ်နေ့ နှစ်ခွက် ခွက်ကျော်ကစ်နေ အဲလေ ဆေးအလှည့်ကျော် သောက်နေပါကြောင်း။
သြော် ငယ်ကြောက်. . ငယ်ကြောက်. . .။ ငယ်ကြောက် ဆိုသည်မှာ ကြီးထိ မမေ့နိုင် မကြိုက်နိုင်ပါတကား။
@masterinnwa
MSC-253