ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်အကြောင်းလေးပါ။
သူနဲ့က ၄ တန်းနှစ်မှာအခန်းသွားတူပြီး ခင်သွားတာပါ။
သူရဲ့ မိဘမျိုးရိုးချမ်းသာတယ်။ ငယ်ငယ်ကတည်းက သူ့မိဘက အိမ်မှာပဲသူ့ကိုဥထားတယ်။
ဘယ်မှပေးမသွားဘူး လိုချင်တာပြော ဝယ်ပေးတယ်။
ကျောင်းမုန့်ဖို့ဆို ကျွန်တော်တစ်ရက်မှ ၁၀၀ ကျပ်။ သူ့က ၁၅၀၀ ရတယ်။
သူမိဘတွေက ကျွန်တော်တို့နဲ့လဲ အပေါင်းအသင်းမလုပ်ခိုင်းဘူး။
ကျောင်းကြိုကျောင်းပို့ နေ့တိုင်အချိန်မှန်ကြိုပို့တာပေါ့ဗျာ။
သူ့မိဘက သူတို့ထိန်းချုပ်မှုအောက်နဲ့ သူတို့အမိန့်အတိုင်းပဲ နေခိုင်းတယ်။
သူက သူငယ်ချင်း အရမ်းမက်မောတာ။ အိမ်မှာလဲ တစ်ဦးတည်းသောသားဖြစ်တော့ အဖော်မရှိဘူးပေါ့ဗျာ။
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အပေါ်အရမ်းကောင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။
၎ တန်းနှစ် ကျောင်းစတက်ခါစတုန်းက သူကျွန်တော့်ဘေးမှာထိုင်တယ်။
ကျွန်တော်က စာရေးတာလက်ရေးကြီးတော့ တစ်လိုင်းချင်းခြားပြီးစာရေးတဲ့အကျင့်ရှိတယ်။
အဲ့တာကို သူတွေ့တော့ ကျွန်တော့်ကို မှင်အစို ဘောပင် တစ်ချောင်းခဏပေးသုံးတယ်။
ကျွန်တော်မှတ်မိသေးတယ် ဘောပင်မှင်က ချောကလက် အနံ့လေးနဲ့။
သူက ကျွန်တော့်ကို လိုချင်ရင် ယူထားလိုက် စာတွေကို တစ်လိုင်းခြားမရေးနဲ့တဲ့။
ကျွန်တော်လဲ သူ့ဘောပင်ကို သဘောကျသွားတာနဲ့ ယူမယ်လို့ပြောလိုက်တယ်။
အဲ့အချိန်မှာ အဲ့လိုမျိုး မှင်အစို ချောကလက်အနံ့နဲ့ ဘောပင်တွေ
တစ်ချောင်းကို ၃၀၀ ပေးရတယ်။ တော်ရုံမသုံးနိုင်ကြဘူး။
အဲ့နောက်ပိုင်း အခန်းမတူတော့ သိပ်မတွဲဖြစ်တော့ဘူး။
၈ တန်းနှစ်မှာ ကျွန်တော်တို့သူငယ်ချင်းရဲ့အိမ်က ဂိမ်းဆိုင်ဖွင့်တော့
ကျောင်းဆင်းပြီး ကျူရှင်မရှိတာနဲ့
ကျွန်တော်တို့တွေ သွားဆော့ကြတော့ သူလဲလိုက်လာဆော့တယ်။
အဲ့တာ သူ့အိမ်က ကျူရှင်လာကြိုတဲ့ချိန် သိသွားတာနဲ့
ဂိမ်းဆိုင်လိုက်လာပြီး သူ့အဖေက လူရှေ့သူရှေ့ ခါးပတ်ချွတ်ပြီးရိုက်တော့
သူလဲ ရှက်တာတစ်မျိုး စိတ်ထဲတော်တော် ဝမ်းနည်းသွားတယ်ထင်တယ်။
အဲ့နေ့နောက်ပိုင်း သူနေပုံထိုင်ပုံ တော်တော်လေးပြောင်းသွားတယ်။
ပြောင်းသွားတယ်ဆိုတာ ကောင်းတဲ့ဘက်ကို မဟုတ်ဘူး။
အရင်က စာကြိုးစားသလောက် နောက်ပိုင်း ကျူရှင်တောင်မတက်တော့ဘူး
အိမ်က မကြိုက်မှန်းသိပေမဲ့ ဂိမ်းဆိုင်ကိုသွားတယ်။
အိမ်က လာရိုက်ပြီဆိုရင် အရိုက်ခံလိုက်တယ် ကျူရှင်မသွားဘူး။
အဲ့လိုနဲ့ တစ်လလောက်ကြာတော့ သူက ဆေးလိပ်တွေ စသောက်နေပြီ။
သူ့မိဘတွေကဘက်က နည်းနည်းလျှော့လာပြီး စကားကောင်းကောင်းလာပြောတယ်
ဆရာမတွေကိုလဲ ကြည့်ပေးဖို့ အကူညီလာတောင်းတာပေါ့ဗျာ။
သူက အသွေးအသားနဲ့ တည်ဆောက်ထားတာလေဗျာ။
သူ့မိဘက ဆုံးမတာ ဆုံးမပေါ့။ ခုလိုကျတော့ အရှက်ကကွဲ စိတ်တွေပါဖောက်ပြားလာတော့
သူ့မှာ ၈ တန်းဆိုပေမဲ့ လောကကြီးကို စိတ်နာသွားသလားမပြောတတ်။
အဲ့လိုနဲ့ နောက်ပိုင်း ဆရာမတွေပါ ကျောင်းခန်းထဲမှာ လိုက်ပြောနေတော့
သူက ကျောင်းတောင်လာမတက်တော့ဘူး။ ကျောင်းလာမတက်တော့
ဆရာမတွေက သူ့မိဘနဲ့ ဂိမ်းဆိုင်သွားခေါ် နောက်တစ်ရက်မနက်
တန်းစီ နိုင်ငံတော်သီချင်းဆိုအပြီးမှာ အလံတိုင်ရှေ့ ခေါ်ပြီးရိုက်ပါလေရော။
အခန်းထဲရောက်တဲ့အချိန် ကျွန်တော်တို့ အားပေးစကားပြောတော့ သူက
"သူ့မိဘတောင် သူ့ကိုလူရှေ့သူရှေ့ ရိုက်တာကို ဆရာမတွေ ဒီလိုရိုက်တာ
မထူးဆန်းပါဘူး ငါရိုးနေပြီ ဘာမှမဖြစ်ဘူး " လို့ပြောရင်း ငိုနေရှာတယ်။
၁၀:၁၅ မုန့်စားဆင်းတဲ့အချိန် သူ့လွယ်အိတ်သူယူပြီး ဂိမ်းဆိုင်သွားရော။
အဲ့မှာ ဂိမ်းဆိုင်က ကျောင်းပြေးနေကျဆရာကြီးတွေနဲ့ သွားပေါင်းမိပြီး
အဲ့နေ့မှာ ကော်တွေ ရှူတတ်လာတယ်။ ပြီးတော့ အမြဲတမ်းလိုလို ရန်ဖြစ်နေတယ်။
နောက်ပိုင်း လောင်းကစားတွေလုပ်၊ အရက်တွေသောက် တော်တော်သောင်းကြမ်းလာတယ်။
တစ်ခေါက်က သူ့သူငယ်ချင်း ၂ ယောက်နဲ့ အရက်မူးပြီး သူများနဲ့ ရန်ဖြစ်တာ အဖမ်းခံလိုက်ရတဲ့အချိန်
သူ့သူငယ်ချင်းတွေက အိမ်ကလာခေါ်ပြီး အာမခံရတော့ အရင်လွတ်လာတယ်။
သူ့မှာ တစ်ယောက်ထဲ အချုပ်ထဲမှာ ၂ ညလောက်အိပ်ပြီးမှ ကျွန်တော်တို့တွေ သတင်းကြားလာတော့
ဂိမ်းဆိုင်က အစ်ကိုကြီးကိုအကူညီသွားတောင်မှ သူကလိုက်ပြီး သူ့ရဲ့တူလေးပါလို့ အာမခံပြီးသွားထုတ်လာရတယ်ဗျာ။
မှတ်မှတ်ရရ အဲ့ဒီနေ့က ကျွန်တော့်မွေးနေ့ သူငယ်ချင်းကို ဂိမ်းဖိုးရှင်းပေးဆိုပြီး သွားရှာတာ။
အဲ့အချိန် သူ့မိဘတွေက သိသိကြီးနဲ့ တမင်မထုတ်ပေးဘူးဆိုတာ ရဲစခန်းက ပြောပြမှသိရတာ။
အဲ့ကိစ္စကို ဂိမ်းဆိုင်က အစ်ကိုကြီးက သူ့ကိုမပြောပြဖို့ ကျွန်တော်တို့ကို မှာထားသေးတယ်။
အချုပ်က ထွက်လာခါစ ဂိမ်းဆိုင်က အစ်ကိုကြီးက အချုပ်ကျရင် ကံနိမ့်တယ် သူ့နဲ့အတူတူ ရဟန်းခံဖို့ပြောတော့
သူငယ်ချင်းက လက်ခံလိုက်တယ်။ အဲ့ချိန် ကျွန်တော်တို့ သူငယ်ချင်း ရဟန်းခံမှန်း မသိလိုက်ဘူး။
ရဟန်းခံပြီး နောက် ၁ ရက်ကျတော့ ကိုယ်တော်က အတည်ပေါက်နဲ့ ဖုန်းဆက်လာတာ
သူငယ်ချင်းတွေစုပြီး ဘုန်းကြီးကျောင်း အလှူသွားလုပ်ရအောင်တဲ့ မြို့လယ်ကျောင်းမှာစောင့်နေမယ်ဆိုတော့
ကျွန်တော်က ကျွန်တော်မွေးနေ့အတွက်ပါ အလှူလုပ်ဖြစ်တာပေါ့ဆိုတဲ့စိတ်နဲ့ ဈေးပတ်ပြီး
သင်္ကန်းတစ်စုံနဲ့ ရေခွက်တွေ၊ ဆပ်ပြာတွေဝယ်ပြီး မြို့လယ်ကျောင်းရောက်တဲ့ချိန်
ကိုယ်တော်ကိုတွေ့တော့ ဒီကလူတွေ ရယ်ရမလို ငိုရမလိုဖြစ်သွားတယ်။
အဲ့ဒီအပြင် အထဲမှာလာထိုင်ဦး စကားလေးဘာလေးပြောကြတာပေါ့ ဆိုလို့
ကျွန်တော်တို့တွေ အထဲဝင်ထိုင်တော့ ပြုံးစိစိနဲ့ ဒကာတို့ ကန်တော့ကြပါဦးတဲ့။
ကိုယ်တွေမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ ကန်တော့ဆိုတော့ ကန်တော့လိုက်ရတာပေါ့ဗျာ။
ရဟန်းခံပြီး လူထွက်တဲ့ချိန်မှာ ကျောင်းကိုတစ်နှစ်နားလိုက်ပြီး အခြေငြိမ်နေပြီ။
နွေရာသီကျောင်းပိတ်ခါနီးမှာ သူ့ကို သူ့မိဘ အချုပ်ထဲက မထုတ်ပေးတဲ့အကြောင်း
ဘယ်သူက ပါးစပ်ယားပြီးပြောလိုက်လဲမသိဘူး သူ့စိတ်ပြန်ဖောက်လာရော။
အဲ့ချိန် ကျွန်တော်တို့နဲ့ လုံးဝအဆက်အသွယ် ပြတ်သွားခဲ့တယ်။
ဘယ်မှာသွားနေနေလို့ နေနေမှန်းတောင် မသိဘူး။ နောက်ပိုင်းပြန်တွေတဲ့အချိန်
သူငယ်ချင်းက တရုတ်ပြည်နယ်စပ်ကနေ လားရှိုးကို ဆိုင်ကယ်ကယ်ရီမောင်းနေတာ
အဲ့ချိန်သူတော်တော်လေး ပျက်စီးနေပြီ။ စိတ်ကြွဆေးတွေ သုံးနေပြီ။
စိတ်ကြွဆေးသုံးတာ ၂ နှစ်ကျော် ၃ နှစ်လောက်ရှိပြီပြောတယ်။
ကျွန်တော် အဲ့ကြားထဲ ၉ တန်းနှစ် နဲ့ ၁၀ တန်းနှစ်က အဆောင်နေရတော့
အဆက်အသွယ်မရတော့ဘူး။ ကျောင်းပြီးတဲ့ချိန် ပြင်ဦးလွင်မှာ ၂ နှစ်နီးပါးနေလိုက်သေးတယ်။
ပြင်ဦးလွင်ကနေပြန်လာတော့ သူကတော်တော် အခြေအနေဆိုးနေပြီ ဘိန်းထိုးတဲ့အဆင့်ရောက်နေပြီ။
အဲ့ချိန် သုံးဘီးမောင်းနေတာ။ တစ်ခါတစ်လေ လမ်းဘေးထိုးအိပ်လို့အိပ်။
သုံးဘီး အလှည့်မရောက်သေးရင်လဲ သုံးဘီးပေါ် အမြဲတမ်း မိန်းနေတာ။
လက်မှာ ဆေးထိုးအပ်အရာတွေ ပြည်တည်နာတောင်ဖြစ်နေပြီ။
ကျွန်တော်သိတဲ့ချိန် နောက်ကျသွားပြီဆိုပေမဲ့ ကျွန်တော်အတတ်နိုင်ဆုံး လိုက်တားတယ်။
သူ့မှာ ရှာသမျှပိုက်ဆံ အကုန်ဆေးသုံးဖို့ဖြစ်သွားတယ်။ နောက်ပိုင်းကျတော့
သုံးဘီးကရတဲ့ ပိုက်ဆံနဲ့ သူသုံးတဲ့ဆေးဖိုး မလောက်တော့ မူးယစ်ဆေး စရောင်းလာတယ်။
ကျွန်တော် လိုက်တားတယ် သူ့ကိုခေါ် အရက်ကိုမူးအောင်တိုက်ပြီး အိပ်ခိုင်း
နိုးလာပြီဆိုရင် အစာစားပြီး အရက်နာကျနေတယ် နည်းနည်းသောက် ဆိုပြီး
ထပ်တစ်ခါ မှောက်အောင်ပြန်တိုက်တယ်။ နှစ်ပတ်လောက်နေတော့ သူ့ကိုသူမကောင်းမှန်း သိလာပြီး
ဆေးရုံသွားပြီး ဆေးသွားဖြတ်လိုက်တယ်။ ကျွန်တော်ကိုယ်တိုင် အကြိုအပို့လုပ်ပေးတယ်။
အချို့လူတွေဆိုရင် ကျွန်တော့်ကိုပါ ဆေး လာဖြတ်တယ် ထင်နေကြတာ။
တစ်နှစ်လောက်နေတော့ သူငယ်ချင်းက ဆေးပြတ်သွားတယ်။ အဲ့နောက်ပိုင်း ကျွန်တော်နဲ့ သူနဲ့
အမြဲ ဘီယာသောက်လိုက် ဂိမ်းဆော့လိုက်နဲ့ ၅ လလောက်ကြာခဲ့တယ်။
၅လပြီးတဲ့နောက် ကျွန်တော်မေမြို့ပြန်သွားပြီး အဲ့မှာ ခွေဆိုင်သွားဖွင့်တဲ့ချိန် အဆက်သွယ်ပြတ်သွားတယ်။
၃ နှစ်လောက်ကြာတော့ ကူးခွေရောင်းတာ အဖမ်းအစီးများတာနဲ့ ဆိုင်ပိတ်ပြီး လားရှိုးပြန်လာတော့
ဆရာသမားက မူးယစ်ဆေး အမှုနဲ့ ထောင်ထဲရောက်နေပြီ ကျွန်တော်သိတဲ့ချိန် ၁ နှစ်ကျော်ရှိနေပြီ
သူက ရောင်းဝယ်မှုနဲ့ ဆေးသုံးတဲ့အမှု။ စုစုပေါင်း အမှု ၂ ခုနဲ့ကျတာ အားလုံးပေါင်း ၁၃ နှစ်။
ဒီနှစ်မှ သူ့အသက် ၄ နှစ်ပြည့်မှာပါ နောက်ထပ် ၉ နှစ်ကျန်ပါသေးတယ်။
အခု သူ့အသက် ၂၄ နှစ်ပြည့်ပြီးသွားပြီ နောက်ထပ် ၉ နှစ်ထပ်ကျန်သေးရင်
သူထွက်လာတဲ့အချိန်မှာ ၃၃ နှစ် သူ့ဘဝသက်တမ်း တစ်ဝက်ကျိုးသွားပါပြီ။
ဒီစာကိုရေးရတဲ့ အကြောင်းရင်းက မိဘတွေ သားသမီးကို မှန်ကန်တဲ့နည်းလမ်းကိုသုံးပြီး
သားသမီးတွေကို အေးအေးဆေးဆေး နားဝင်အောင် ဆုံးမစေချင်တာတစ်ခု
ပြီးတော့ မူးယစ်ဆေးဆိုတာ သုံးတတ်ပြီး အရသာသိသွားရင် စိတ်ဘယ်လောက်ခိုင်ခိုင်
စိတ်ညစ်နေတဲ့အချိန်တွေ၊ စိတ်ဖိအားများတဲ့အချိန်ကျရင် ပြန်သွားသုံးဖြစ်မှာပါ။
ကျွန်တော်တောင် တစ်ခါခါ စိတ်အရမ်းကျဉ်းကြပ်လာတဲ့အခါ စဉ်းစားဖူးတယ်။
ဒါမဲ့ ဒီခဏလေး စိတ်ပြေဖို့အတွက် ဘဝကိုအပျက်ခံလို့မရဘူးဆိုတဲ့ အသိစိတ်က
ကျွန်တော့်ကိုတားနေလို့ ကျွန်တော်အခုထိ ဒီလိုနေနိုင်တာပါ။
ဒါမဲ့ စိတ်ညစ်ရင်ဖြစ်ဖြစ်၊ ပျော်ရင်ဖြစ်ဖြစ် အရက်၊ဘီယာတော့ သောက်တယ်တတ်တယ်။
ပုံတွေက သူဘဝ အခြေအနေကို ရာသီဥတုရဲ့
အလင်းအမှောင်နဲ့ ပုံဖော်ထားတာပါ
အလင်းက သူငယ်ချင်းကို ကိုယ်စားပြုပါတယ်
သူ့မိဘနဲ့ ဆရာမက တိမ်တွေပါ
လအရောင်က ဂိမ်းဆိုင်က သူ့နဲ့အတူရဟန်းခံတဲ့ အစ်ကိုကြီး
အမှောင် ဆိုတာ အချုပ်နဲ့ ထောင်ကို ကိုယ်စားပြုပါတယ်။
အဓိပ္ပာယ်က
အစပိုင်းမှာ ထွန်းတောက်နေတဲ့သူ
တိမ်တွေက ကာသွားတော့ အရောင်မှိန်လာပြီး
တဖြည်းဖြည်း ဘဝ အမှောင်တစ်ခုကျခဲ့ပြီးနောက်
လရောင်သာသာ အလင်းလေးပြန်မြင်ခဲ့သော်လည်း
တိမ်ရဲ့ ထပ်တစ်ခါ ဖုံးဖိမှုကြောင့်
အလင်းမရှိတော့တဲ့ အမှောင်ထဲကို ကျရောက်သွားတာပါ။
Written By Kyaw Kyaw Naing
ဆရာ့မှာသားသုံးယောက်ရှိတယ်၊ အငယ်ဆုံးကဆိုးတယ်၊ Thunder အမည်နဲ့ လမ်းသူရဲ ဂိုဏ်းဝင်၊ (၇)နှစ်လောက် စီးပွားရေးအားလုံးပစ်ချပြီး နယ်သစ်ဒေသသစ်တွေခေါ် သူ့ရွယ်တူတွေရဲ့လုပ်ကိုင်နေပုံတွေလက်တွေ့ပြနဲ့ သူငယ်ချင်းလိုပေါင်းပြီး မနဲသင်ရတယ်။ ခုတော့အောင်မြင်နေတဲ့ Bakery တစ်ယောက်ဖြစ်နေပါပြီ။ သူဖြစ်ချင်တာကိုသူကိုယ်တိုင်ဖေါ်ထုတ်တတ်အောင် နားလည်မှုတွေနဲ့လမ်းပြခဲ့ရတာပါ။
ဘဘတင်လိုမျိုး နားဝင်ပြီး လက်ခံအောင်သင်ပေးရမှာ
ကျွန်တော့်သူငယ်ချင်းရဲ့မိဘက
ခေါင်းထဲဝင်အောင် မသင်ပေးဘဲ
အရှက်ရအောင်လုပ်လိုက်တော့
သူတို့သားရဲ့ဘဝကို သူတို့ကိုယ်တိုင်ဖျက်ဆီသလိုဖြစ်သွားတယ်ဗျာ။
ဒီလိုpostမျိုး လူကြီးမိဘတွေရဲ့ရှေ့ကို
များများရောက်သွားစေချင်မိတယ်ဗျာ
ကလေးတွေရဲ့ စိတ်ကို ပြုပြင်ဖို့ ရိုက်နှက်ခြင်းက
အဓိက မကျပါဘူး
လုံးဝ မရိုက်နှက်မဆုံးမရဘူးတော့မဟုတ်ဘူးဆိုပေမယ့်
လူငယ်တစ်ယောက်ဆိုးသွမ်းနေရင်တောင်
ရိုက်နှက်ဆုံးမခြင်းက နည်းလမ်းကောင်းမဟုတ်ပါဘူး
good post ပါ brother.
ဟုတ်တယ် ကိုမိုးဇော်
သူ့ဘဝ အဲ့ချိန်မှာ စပြီးပြောင်းသွားတာ
မိဘဆိုတိုင်း စိတ်ထင်တိုင်း
သူတို့မှန်တယ်ဆိုပြီး လုပ်လို့မရဘူး
Good ဘဒို
ကျေးဇူးပါ ဘဒို
ကြိုးစားဆဲပါခင်ဗျာ
ကျွှန်တော်Steemit ကို သဘောကျတာ အခု လို အသိပညာတွေ မျှဝေပေးနိုင်လို့ ပဲ။ ကျေးဇူး တင်ပါတယ်။ လူငယ်တွေ ရှက်စိတ်ရှိလာတဲ့ အခါမှာ ဆုံးမမှုက တော်တော် အရေးပါ ပါတယ်။ အဖေ လုပ်တဲ့သူက game ဆိုင်က ချော့ မော့ ခေါ်ခဲ့ပြီး သားအဖ နှစ်ယောက် ဆွေးနွေးတဲ့ ပုံစံနဲ့ ဆုံးမရင် အဲသလောက် ဆိုးဝါးတဲ့ ဘဝကို ရောက်သွာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ဟုတ်တယ် ကိုဟန်နရီ
သူ့အဖေက လူရှေ့သူရှေ့မရိုက်ဘဲနဲ့
အိမ်မှာရိုက်မယ်ဆိုရင်တောင်
သူဒီအခြေနေရောက်ချင်မှရောက်မှာ
သူ့မိဘတွေက အမိန့်နဲ့ သင်ပေးသလိုဖြစ်နေတာ
သူတို့လိုချင်တဲ့ ပုံစံခွက်အတွင်းမှာ
နေခိုင်းပြီး ကိုယ်ပိုင်အတွေးမထားခိုင်းဘူးဖြစ်နေတာ
အဲ့လိုလေးတွေများများရေးပေး လူငယ်တစ်ယောက်ရဲ့ ဖွင့်ဟဝင်ခံချက်မျိုးတွေ
ဟုတ် အစ်ကိုသက်
ကျွန်တော်လဲ ဓာတ်ပုံတွေပြန်ကြည့်ရင်း
သူ့ကိုသွားသတိရလို့ ငယ်ငယ်ကပုံမရှိပေမဲ့
ဖုန်းစပေါ်ခါစက ရိုက်ထားတဲ့ပုံတွေဗျာ
အဲ့ချိန်သူ ဘိန်းတောင်ပြတ်နေပြီ
ဘယ်လိုလုပ် အဲ့လိုင်းပြန်ရောက်လဲမသိဘူးဗျာ
Very very good လို့ပြောချင်ပါတယ် စာလေးတွေကိုလည်း သေချာပြန်စစ် လိုအပ်ရင် edit လုပ်ပါညီရေ။ နောက်လ bonus မှာပြိုင်မယ်ဆိုရင်ပေါ့
ဟုတ် ကိုစိုး အားပေးတဲ့အတွက်ကျေးဇူးပါ။
ကျွန်တော် စာလုံးပေါင်းတွေ ပြန်စစ်ပါမယ်ခင်ဗျ။
ကိုစိုး အမြဲ ကျွန်တော့်ကို စာလုံးပေါင်းမှားတာ
ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
နောက်လာမဲ့ Post မှာ အမှားရှိရင်
အားမနာတမ်း ဝေဖန်ပေးပါဦး ကိုစိုး။
မုန်တိုင်းထန်ပီးရင်ကောင်းကင်ဟာကြည်လင်တောက်ပသွားမှာပါ
အစ်ကိုရေ ကျွန်တော်သူ့ကို
တစ်လတစ်ခါ ပုံမှန်သွားတွေ့တယ်ဗျ။
သူကိုပြင်ဖို့ပြောတယ်။ သူ့စိတ်ထဲမှာက
ထောင်ကျပြီးမှတော့ မထူးတော့ဘူး
ထွက်လာရင်လဲ နှိမ်ခံရမဲ့အတူတူ
အဲ့လိုင်းပဲသွားမယ်လို့ ပြောနေတာ။
ထောင်ထဲမှာလဲ သူနဲ့ အမှုတူတဲ့သူရှိတော့
အချင်းချင်း အားမြှောက်သွားကြတာပေါ့ဗျာ။
ကျွန်တော်တော့ သွားတွေ့တိုင်း
သူ့ကိုနားဖို့ပြောပါတယ် သူ့မိဘလဲ အသက်ရနေပြီဗျာ
ဒါလည်းဟုတ်တာဘဲ
😞😞
ကောင်းစေချင်တဲ့ စေတနာနဲ့ ပြုလုပ်ကြပါတယ်
ဒါပေမဲ့ ဥာဏ်ပညာ က စကားပြောသွားတာပေါ့
သူငယ်ချင်းကောင်းပါဘဲ bro ဆုရပါစေ😃😃