ကိုယ်ဓလေ့မို့ လွမ်းနေပါတယ် သင်္ကြန်

in #myanmar7 years ago (edited)

“ဇာတိချက်ကြွေ၊မွေးရပ်မြေနှင့် သွန်းရေခရား ရုပ်ဝါထင်ရှား ဤသုံးပါးကို မမေ့စကောင်း" တဲ့။ သင်္ကြန် ၀ါကျွတ် အခါကြီးရက်ကြီးတွေမှာ ကိုယ့်ရွာကိုယ့်ဓလေ့ကို သတိရ လွမ်းဆွတ်မိကြတာ မြန်မာတို့ရဲ့ ချစ်စရာ ယဉ်ကျေးမှုတရပ်ပင်။
tk 11.jpg
Images Credit - Original Source
ဘ၀ပေးအခြေနေ အကြောင်းကြောင်းကြောင့် ရွာကနေထွက်ပြီး ရေကြည်ရာ မြက်နုရာဒေသတွေမှာ အခြေချနေထိုင်သူတွေလည် ခုလိုသင်္ကြန်ပွဲတော်ရက်တွေမှာဆိုရင်တော့ ကိုယ့်ရွာကလေးကို မရောက်ရောက်အောင် ပြန်လာတတ်ကြတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ရွာသင်္ကြန်ကိုပြန်လာတဲ့ မြို့ကအစ်ကိုကြီးတစ်ယောက်ကို မေးကြည့်မိတယ်။
“ အစ်ကိုကြီးခင်အောင်..ခင်များတို့ကလည်း မြို့မှာနေပြီးတော့ ဒီလောက်ပျော်စရာကောင်းနေတာကို ဘာဖြစ်လို့ ဒီလောက်ပျင်းစရာကောင်းတဲ့ ရွာသင်္ကြန်ကို လာပြီးပျော်ကြသလဲဗျာ။ ကျွန်တော်သာဆိုရင်တော့ ပြန်မလာတော့ဘူး" လို့ ပြောမိတယ်။ အဲဒီတော့ သူကကျွန်တော့်ကို တွေတွေလေးစိုက်ကြည့်ပြီးတော့ မပွင့်တပွင့်ပြုံးလိုက်ပြီး “ကောင်လေး…မင်းငယ်ပါသေးတယ်ကွာ"တဲ့။ ပြီးတော့ ဆက်ပြောတယ်။ “ငါမြို့မှာ ချမ်းချမ်းသာသာ နေရတာကတော့ ဟုတ်ပါတယ်ကွာ၊ ဒါပေမယ့် လူဆိုတာ ဇာတိစိတ် မျိုးချစ်စိတ်ရှိရတယ်ကွ။ ငါ့ကို မွေးခဲ့တာ ဒီဘာမှာမရှိတဲ့ ရွာကလေးမှာပဲ မွေးခဲ့တာ။ ပြီးတော့ ဒီမှာပဲကြီးခဲ့တာ။ ငါဘယ်လိုလုပ်ပြီးတော့ မေ့နိုင်မလဲ။ ဘာမှမရှိတဲ့ငါ့ရွာကလေးကို ငါချစ်တယ်။ အဲဒီဘာမှမရှိတာလေးကို တွေ့လိုက်ရတဲ့အခိုက်တန့်မှာလည်း ရိုးသားမှုရှိတဲ့ ငါ့ရွာကလေးဆိုပြီးတော့ ချစ်မိတာပဲ။ သတိရမိတာပဲ။ တစ်ခုခုတိုးတက်လာတာကို မြင်လိုက်ရရင်လည်း ပီတိဖြစ်မိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ကွာ ငါလည်း အဲဒီစိတ်ကို မင်းသိအောင် သေခြာပြောမပြတတ်ဘူး။ နောင်တစ်ချိန် မင်းကြီးလာလို့ ရွာကနေ အဝေးတစ်နေရာကို ရောက်နေတဲ့အချိန်မှာ ငါပြောတာကို မင်းလိုလိုနားလည်လာလိမ့်မယ်"တဲ့။
အဲဒီအချိန်တုန်းကတော့ ဟုတ်မယ်မထင်ပါဘူး အစ်ကိုကြီးရာလို့ပြောပြီး ရယ်ခဲ့မိတယ်။ အခုတော့ အဲဒီတုန်းကပြောခဲ့တာလေးတွေကို စဉ်းစားရင်းနဲ့ မှန်လိုက်လေ အစ်ကိုကြီးရယ်လို့ ကိုယ့်ကိုယ်ကို တိုးတိုးလေးညဉ်းတွားနေမိတယ်။
အခုအချိန်မှာ ကျွန်တော်က မွေးရပ်မြေနဲ့ ဟိုးဝေးကြီးမှာ။ တစ်ခါတစ်လေလည်း အိမ်အကြောင်းရွာအကြောင်းကို စဉ်းစားရင်းနဲ့ တစ်ယောက်ထဲပြုံးမိတဲ့အခါရှိသလို လွမ်းမိတဲ့အခါလည်းမရေမတွက်နိုင်ပါ။ ခုလိုပိတောင်ပန်းတွေ ဝေေ၀ဆာဆာပွင့်တာမြင်ရတော့ ရွာသင်္ကြန်ကို ပိုလွမ်းမိတယ်။
tk 2.jpg
Images Credit - Original Source
အခုချိန်ဆို ရွာမှာ သင်္ကြန်ဒိုးသီချင်းသံလေးတွေ ကြားနေရလောက်ပြီ ထင်တယ်။ အိမ်ရှေ့က ပိတောက်ပိတောက်ပင် နဲ့ ငုတွေရော အပြိုင်အဆိုင် ပွင့်နေကြလောက်ပြီ။ လှသိန်းတို့ ၀င်းမောင်တို့ အပျိုကြီးအေးမေတို့က သင်္ကြန်ရောက်တော့မှာဆိုပြီး သက်ကြီးပူဇော်ပွဲအတွက် ပြင်ဆင်နေကြလောက်ပြီ။ ရွာသင်္ကြန်ဆိုတာမျိုးက မြို့ကြီးတွေလို အပျော်တွေတော့ သိပ်မရှိဘူးပေါ့။ ဒါပေမယ့် ကိုယ့်အရပ် နဲ့ ကိုယ့်ဇာတ်ပါပဲ။ သင်္ကြန်သီချင်းလေးတွေ ကြားလိုက်ရရင် သင်္ကြန်ရောက်တော့မယ်ဆိုတဲ့ အသိစိတ်တွေကြောင့် ကလေး၊ လူကြီး ပျော်ရွှင်မဆုံး တပြုံးပြုံးတွေ ဖြစ်နေကြပြီလေ”။
ဒီအချိန်ရောက်ရင် သက်ကြီးပူဇော်ပွဲအတွက် ရွာထဲက အပျိုလူပျိုတွေ အစည်းဝေးလုပ်ပြီး အလှူခံဌာန တွေလုပ်တယ်လေ။ အစည်းဝေးပြီးတာနဲ့ တတ်နိုင်သလောက် လှူကြတော့တာပဲ။ လှူတယ်ဆိုတာက ပိုက်ဆံတင် မဟုတ်ပါဘူး.. ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ အချိုရည်ဗူး၊ ကော်ဖီထုတ် တဘက် စတာတွေလည်း လှူကြတယ်။ အလှူခံလို့ရတဲ့ ပိုက်ဆံတွေကိုတော့ ငှက်ပျော၊ အုန်း၊ အ၀တ်အထည်တွေ၊ဆေးတွေ၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်တာပေါ့။ ကျန်တဲ့ ပိုက်ဆံကိုတော့ ဒီတိုင်းပဲ ဝေပုံကျနဲ့ ထည့်လိုက်တာလေ။ ရွာထဲက အသက် (၈၀)ပြည့်တဲ့ အဘိုးအဘွားတွေကို နှစ်ဆန်းတရက်နေ့ သက်ကြီးပူဇော်ပွဲလုပ်ပေးတယ်။

သင်္ကြန်ရောက်ရင် မြို့မှာနေတဲ့ ရွာကလူတွေ ကိုယ့်ရွာကို ပြန်လာပြီးပျော်ကြတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတယ်။ မြို့သင်္ကြန်ကို မလည်ကြဘူး။
“ကုသိုလ် ကောင်းမှုဆိုတာကတော့ အစုံပါပဲ။ ရေလှူတာတွေ ရှိတယ်၊ သင်္ကြန်ရက်တွေမှာ သက်ကြီးရွယ်အိုတွေ အိမ်ကို ရေတွေလိုက်ဖြည့်ပေးတယ်။ ခေါင်းလျှော်ပေးကြတယ်။ ဥပုသ် သတင်းသီလတွေ ဆောက်တည်ကြတယ်။ ကျောင်းအတွက် လှူကြတယ်။ ကျောင်းတွင်း သန့်ရှင်းရေးလုပ်ကြတယ်။ အို..အစုံပါပဲ။
tk 3.jpg
Images Credit - Original Source
သင်္ကြန်အကြိုနေ့ ရောက်ရင်တော့ နေ့လည်ထဲက လူငယ်လူလတ်တွေ ရွာလည်မှစုပြီး နံ့သာသွေးကြတယ်။ နံ့သာရည်တွေကို သပြေပန်း ၊ ဇီးညွန့်၊ အုန်းညွန့်၊ အညွန့်ပေါင်းစုံ နဲ့ အတာအိုးလေးတွေထဲထည့်ပြီး ဘုရားရေချိုးကြတယ်။ ဘုရားရေချိုးပြီး အပြန်ကျမှပဲ ရေးလောင်း ရေပက်ကြရတယ်။
tk 33.jpg
Images Credit - Original Source
သင်္ကြန်အကျ အကြတ် အတက်နေ့တွေမှာဆို လမ်းဆုံ လမ်းခွတွေမှာ မုန့်လုံးရေပေါ်တွေလုပ်ပြီး လာတဲ့သူတိုင်းကို ကျွေးကြ ရေပက်ကြနဲ့ အတော်ပျော်စရာကောင်း။ ရွာမှာဆိုတော့ ရေအိုးကြီးကြီးတွေနဲ့ လောင်းကြတာနော်။ ဘုန်းကြီးကျောင်းမှာဆိုရင်လည်း သင်္ကြန်ရက်တွေတိုင်းမှာ ဥပုသ်သည်တွေကလည်းအပြည့်၊ စားစရာ၊သောက်စရာ ဆွမ်း ဆွမ်းဟင်း မုန့်တွေကလည်း အလျှံအပယ်ပဲ။ စာရေးရင်းနဲ့တောင် ရွာပြန်ချင်စိတ်ပေါက်လာတယ်။
tk 4.jpg
Images Credit - Original Source
နှစ်ဆန်းတရက်နေ့ နေ့လည်ခင်းမှာ သက်ကြီးပူဇော်ပွဲလုပ်အပြီး ညနေစောင်းမှာ ဘုန်းကြီးးပင့်ကာ ရွာဦး ရွာနောက် လမ်းဆုံးလမ်းခွတွေမှာ ပရိတ်ရွတ် ကမ္မာဝါစာဖတ်ပြီး စကောတွေ ဗန်းတွေတီးပြီး မကောင်းဆိုဝါးတွေကို နှင်ထုတ်ရတာလဲ ပျော်စရာ။
ညနေထမင်းကို ကြုံတဲ့အိမ်မှာ သုတ်ပြာသုတ်ပြာနဲ့စားပြီး ရွာလည်စင်ပေါ်မှာ သီချင်းဆိုပြိုင်ပွဲကိုလည်း ပြေးလိုက်ရသေးတယ်။
tk 5.jpg
Images Credit - Original Source
အိမ်းးးခုနေအခွင့်သာရင် စင်ပေါ်တက်ပြီး သင်္ကြန်သီချင်းတစ်ပုဒ်လောက် ဟေးးးးလိုက်ချင်သေးးး

အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်မြေနဲ့အဝေးကို ရောက်နေတဲ့သူအားလုံးလည်း ရွာကသင်္ကြန်ကို အဲဒီလိုပဲ တမ်းတမိကြမယ်ထင်ပါတယ်။


MSC - 015@kyawhlaing

Sort:  

Wow soo nice

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မုံ့လုံးရေပေါ်တွေစားမယ်

ငရုတ်သီးတွေပါရင် စိတ်ဆိုးနဲ့

ဘု လွမ်းနာတုန်း

ရွာကိုပေါ့