အသိတရား အချိန်မှီရဖို့ရာ (KC Myanmar)

in #myanmar7 years ago

image

ဘဝအသက်တာမှာ မရေမရာ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်တွေကို ပြန်ပြီးတွေးနေမိတယ်။ ဘယ်အရာတွေ၊ ဘယ်သူတွေက ကိုယ့်ရဲ့ဘဝကို ခက်ခဲနေစေတာလဲ ဆိုပြီး အပြစ်တင်ခြင်း လေသံတဝက်နဲ့ ကိုယ့်ကိုယ်ကိုယ်မေးနေမိပါတယ်။ ရရှိလိုက်တဲ့ အသိတရားကတော့ အံ့သြကြောက်စရာကောင်းလှပါတယ်။ လူတွေအတော်များများ အဆင်မပြေမှုတွေနဲ့ အောင်မြင်မှုတွေနဲ့ ဝေးနေရတဲ့ အဓိက တရားခံကတော့ မိမိတို့ကိုယ်တိုင်ပဲဆိုတာကို ဒီအကြောင်းအရာလေးရေးရင်ဝေငှချင်မိပါတယ်။

လူအတော်များများဟာ လက်ရှိကျင်လည်ရာနေရာမှာ အကျင့်ဟောင်းတွေ အကျင့်နွမ်းတွေနဲ့ပဲ အသိလက်လွတ်ပျော်မွေ့နေတတ်ပါတယ်။ ကိုယ့်ရဲ့ ဘဝအသက်တာမှာ အချိန်တွေအများကြီးကျန်နေသေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အိပ်စက်နေတတ်ကြပြီး မနိုးမချင်း မထတတ်လောက်အောင် အပျင်းတစ်နေတတ်ကြပါတယ်။

image

အသိတရားလေး ရလာလို့ နိုးထနိုင်ခဲ့ရင်တောင်မှ ကိုယ်ပိုင်အသိတရားလေူနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြမယ်လို့ မစဉ်းစားကြတတ်ပါဘူး။ အတင်းအဓမ္မ တစုံတယောက်က ခိုင်းလာတော့မှ ပျင်းရိပျင်းတွဲနဲ့ ထလုပ်ချင်တဲ့ စိတ်ကလေးကလည်းအတော်များကြပါတယ်။

တခါတလေ အဆင်မပြေတာလေးတွေကို ကြုံလိုက်တဲ့အခါမှာ အဆင်ပြေအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိကြပါတယ်။ ဒါပေမယ့် ဒုက္ခအကြီးအကျယ်မရောက်မချင်း မပြင်ချင်ပါဘူး။ ဘာနဲ့တူလည်းဆိုတော့ ပစ္စည်းတခု အောက်ပြုတ်ကျသွားတဲ့အခါမှာ ဘယ်အချိန်ပြန်ကောက်ကောက်ရတာပဲဆိတြဲ့ စိတ်နဲ့ ကျတာကိုပြန်မကောက်ပဲ နေတတ်ကြတဲ့ စိတ်မျိုးတွေပဲ ဖြစ်ပါတယ်။

image

ဒါ့အပြင် စိတ်ဓါတ်တွေကြပြီး လမ်းစတွေပျောက်နေတဲ့အခါမှာ ပျောက်နေတဲ့လမ်းစကို ပြန်မရှာကြပဲ သူ့အလိုလိုလို ပြန်ကောင်းလာလိမ့်လေနိုးနိုးနဲ့ နေနေတတ်ကြပါသေးတယ်။

ဖြစ်တယ်ပျက်တယ် ဆိုတဲ့ အရာတွေနဲ့ ပြည့်နေတဲ့ ဒီလောကမှာ ပျက်နေတဲ့အရာတွေ အချိန်မှီ ပြန်လည်ပြင်ဆင်ဖို့ စိတ်ကူးမရှိကြပဲ ဖြစ်နေတဲ့အတိုင်း စီးမျောချင်တဲ့ စိတ်ဓါတ်မျိုးလဲ ရှိနေကြတတ်ပါသေးတယ်။

ပြည့်ပြည့်စုံစုံ ရှာဖွေနိုင်ဖို့ ကြိုးစားခြင်းကို အားမစိုက်ကြတဲ့အပြင် အသုံးအစွဲကလဲ ကြမ်းချင်ကြတတ်ပါသေးတယ်။ စုစုဆောင်းဆောင်း မနေတတ်ပဲ ရရသုံးသုံးနဲ့ အသုံးနဲ့ အဖြုန်းကို သတိလက်လွတ်ဖြစ်လို့ မခွဲခြားနိုင်ကြပါဘူးလေ။

တိုးတက်ရာတိုးတက်ကြောင်းအတွက်အကြံဉာဏ်တွေကလည်းမရှိ အကြံတုံး ဉာဏ်တုံးဘဝနဲ့ရှိနေတတ်ကြပါတယ်။ လေ့လာဆည်းပူးလိုစိတ်တွေကင်းမဲ့လို့ အကြံတုန်းလူလုံးမလှ နေနေကြတတ်ပါသေးတယ်။

ဒါ့အပြင် ကံမရှိ၊ ဉာဏ်မရှိ၊ လုံ့ လလေးများရှိမလားမှတ်တယ်၊ လုံ့လဝီရိယာကပျောက်ဆုံးနေကြပြီး အရာရာမှာ ကံကိုသာယိုးမယ်ဖွဲ့လို့ ကိုယ့်အပြစ်ကိုယ်မမြင်ပဲ ငိုချင်းတွေကို ထိုင်ကချနေတတ်ကြပါတယ်။

image

ဒီလိုမျိုး အကျင့်ဆိုးတွေနဲ့ ပြည့်နှက်နေမိခဲ့တဲ့ ကိုယ့်ရဲ့ အသက်တာကို ပြန်ဆင်ခြင်မိပြီး လူ့လောကမှာ စပြီးကျင်လည်နေကြတယ် လူငယ်တွေကို အချိန်မှီ ကိုယ့်လိုမဖြစ်ရလေအောင်ပြင်ဆင်နိုင်အောင် ပြောချင်မိပါတယ်။

ရှေးလူကြီးများကလည်း ဒီလို မကြီးပွားစေတဲ့ အကြောင်းတရာတွေကို

🔹နိုးမှထ

🔹ခိုင်းမှလုပ်

🔹ကျတာမကောက်

🔹ပျောက်တာမရှာ

🔹ပျက်တာမပြင်

🔹 ဗလဖွာသုံး

🔹အကြံဉာဏ်တုံး

🔹လုံ့လမထား

ဤ (၈)ပါး မကြီးပွားကြောင်းတရားတွေဆိုပြီး စာဖွဲ့လို့ ဆုံးမခဲ့ကြပါတယ်။

အကျဉ်းခြုံ့ပြီးပြောရရင်တော့ဘဝအသက်တာမှာ မရေမရာ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေတဲ့အခါမှာ ဘယ်အရာတွေ၊ ဘယ်သူတွေက ကိုယ့်ရဲ့ဘဝကို ခက်ခဲနေစေတာလဲ ဆိုပြီး အပြစ်တင်နေမယ့်အစား ကိုယ့်ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို အရင်ရှာတွေ့လို့ ပြင်ဆင်ကြီးပွားနိုင်စေဖို့ အသိတရာလေးဝေငှလိုက်ရပါတယ်။

Author: KC Myanmar

Photo: Google image

Sort:  

အရင်ဆုံးပြုပြင်သင့်တာက မိမိတို့ကိုယ်တိုင်ပဲဖြစ်ပါတယှ်ဆရာ

အိပ်ရေးတော့မက်တယ်ဗျာ
မအိပ်ဘဲလည်းနေနိုင်တယ်
အိပ်ရင်လည်းမထတော့ဘူး

ဟုတ်​ကဲ့ပါရှင့်

Good post

မိမိကိုယ်ကိုယ် ပြန်လည် ဆင်ခြင်မိပါတယ်