" သစ်တစ်ပင်ကောင်လျင် ငှက်တစ်သောင်းနားရသည် "ဟုသော စကားပုံသည် သနားကြင်နာစိတ်ရှိသော အချင်းချင်း ရိုင်းပင်းကူညီတတ်သော ကျမတို့ မြန်မာလူမျိုးများ၏ မွန်မြတ်လှသည့် စိတ်ဓါတ်ကို ဖော်ကျူးပြသလျက်ရှိပါသည်။ မိသားစုတစ်စု (သို့) လူ့အဖွဲစည်း တစ်ခုတွင် တစ်ဦးတစ်ယောက် ကောင်းစားပါက မိမိနှင့် ဆွေမျိုးသားချင်း တော်စပ်သူဖြစ်စေ မတော်စပ်သူဖြစ်စေ မိမိပတ်ဝန်းကျင်ရှိ လက်လှမ်းမှီသမျှသော မိမိထံမှ အကူညီလိုအပ်မည့်သူ အားလုံးကို ပြန်လည်ကြည့်ရှုပေးကမ်းတတ်သည်မှာ ကျမတို့ မြန်မာလူမျိုးတိုင်း၏ မွေးရာပါဗီဇ ပင်ဖြစ်သည်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံ အနှံ့အပြားတွင် သဘာဝဘေးအန္တရယ် အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြရသော နိုင်ငံတွင်းရှိ ပြည်သူလူထု အများပြားအား "လဲနေသူထူမပါ အားငယ်သူအားပေးပါ " ဟူသည့်စကားပုံအတိုင်း ကူညီစောင့်ရှောက်လှူဒါန်းကြသည့် လူမှု့ကယ်ဆယ်ရေး အသင်းအဖွဲများ တကိုယ်တော် ပရဟိတ အကိုအမများ အပါဝင် ပရဟိတ အသင်းဖွဲ့ကြီးများမှ ကယ်ဆယ်လှူဒါန်းမှုများ ပြုလုပ်ပေးကြသည်မှာလည်း ချီးကျူးပီတိဖြစ်စရာ ကောင်းလှပါသည်။
ကျမတို့ ပတ်ဝန်ကျင်းတွင်လည်း ဆွေးမျိုးသားချင်းဖြစ်စေ မိသားစုတွင်း၌ဖြစ်စေ တစ်ဦးတစ်ယောက်ကောင်းစားပါက မိမိဆွေမျိုး ညီကိုမောင်နှမများကို ပေးကမ်းတတ်ကြပါသည်။ ၃၈ဖြာ မင်္ဂလာတရားတော်နှင့်အညီ "ဆွေမျိုးတွေကို ပစ်မထားနှင့် သင်္ဂဟတရားနဲ့ ချီးမြောက်လေ " ဟူသည့် စာဆိုအတိုင်း မိမိစိတ်စေတနာ ကောင်းများကို အခြေခံပြီး တရာတော်နှင့် လျော်ညီစွာ နေထိုင်ကျင့်သုံးတတ်သူများလည်း များစွာရှိကြပါသည်။ အဆင်ပြေသော အစ်ကိုကြီး အစ်မကြီးများမှ ညီငယ်ညီမငယ်များအား ပြန်လည်ပံ့ပိုးထောက်ပံ့ ပေးကြသလို ဦးလေး အဒေါ်များမှလည်း မိမိဆွေမျိုးထဲရှိ တူ/တူမလေးများအား အလျဉ်းသင့်သလို ပေးကမ်းစောင့်ရှောက် တတ်ကြပါသည်။ ထို့ပြင် ပေးကမ်းရမည့် ဆွေမျိုးသားချင်းမရှိသော်လည်း မိမိပိုင်ဆိုင်မှု များထဲမှ ဆင်ရဲချို့တဲ့ သူများအား ဝေငှလှူဒါန်းခြင်း ဆေးရုံဆေးခန်း မိဘမဲ့ဂေဟာနှင့် ဘိုးဘွားရိပ်သာများအား လှူဒါန်းခြင်း စသည့် လုပ်ဆောင်ချက်များဖြင့် ကုသိုလ်ယူနေကြသော ငွေကြေးပြည့်စုံသူများလည်း ကျမတို့နိုင်ငံတွင် များစွာရှိကြသည်မှာ ဂုဏ်ယူဖွယ် ကောင်းလှပါသည်။
ိမိသားစု ဆွေမျိုးချင်းအချင်းအလိုက် ကြည့်မည်ဆိုလျင်လည်း ကျမတို့ဆွေမျိုးထဲတွင် ကိုယ်ကျိုးမကြည့်ဘဲ ဆွေမျိုးသားချင်းများထဲမှ ဆင်းရဲချို့တဲ့သူများကို ထောက်ပံ့ရင်း အမေအိုကြီးကို အလုပ်ကျွေးပြုနေသော မွန်မြတ်လှသည့် စိတ်ထားပိုင်ရှင် တစ်ယောက်ရှိပါသည်။ ထိုသူမှာအခြားသူမဟုတ်ပါ ကျမအဖေ၏ ညီတော်စပ်သော ကျမ၏ ဦးလေးဖြစ်ပါသည်။ ကျမအဖိုး ဆုံးပြီး ကတည်းက အဖွားကပင် ကျမအဖေတို့ မောင်နှမသုံးယောက်ကို ကျွေးမွေးပြုစုခဲ့ပါသည်။ အကိုအကြီးဆုံး ကျမအဖေ အိမ်ထောင်ကျပြီး အချိန်တွင် ဦးလေးနှင့် အဒေါ်သာ အဖွါးနှင့်အတူ ကျန်ခဲ့ပါသည်။ အမေအိုကြီးနှင့် ညီမဖြစ်သူကို စိတ်မချနိုင်ကာ ယနေ့ထက်တိုင် ဦးလေးမှာ အိမ်ထောင်မပြုဘဲ ကျွေမွေးစောင့်ရှောက်နေပါသည်။ အခွန်ဦးစီးရုံးတွင် တာဝန်ထမ်းဆောင်နေသော ကျမဦးလေးသည် စည်းကမ်းတကျ ချွေတာစုဆောင်း နေထိုင်တတ်ခြင်းတို့ကြောင့် ရရှိသောလစာငွေကြေးများသည် အမေအိုကြီးနှင့် ညီမငယ်အား ကောင်းစွာကျွေးမွေး စောင့်ရှောက် နိုင်သည့်အပြင် ဆွေးမျိုးသားချင်းထဲမှ အဆင်မပြေသူများကိုပါ ပေးကမ်းနိုင်ပါသေးသည်။ အသက်ရွယ်အိုမင်းကာ မသွားနိုင် မလာနိုင်ဖြစ်နေသော အမေအိုကြီးကို စိတ်မချသောကြောင့် ဦးလေးမှ ညီမဖြစ်သူ ကျမအဒေါ်အား ပြင်ပတွင် အလုပ်ထွက်မလုပ်စေပဲ အမေကိုသာ စောင့်ရှောက်စေပြီး အမေနှင့် ညီမဖြစ်ကိုလည်း ပြည့်စုံစွာထားရှာပါသည်။
ကျမတက္ကသိုလ်ဝင်တန်း ရောက်သည့်နှစ်တွင်လည်း မိသားစုဝင် များ၍ ချို့တဲ့စွာနေရသော ကျမတို့အား ဦးလေးမှ များစွာ ကူညီပေးခဲ့ပါသည်။ အတန်းကြီး၍ ငွေကုန်ကြေးကျ များသော ကျမကို ဦးလေးမှ ကျောင်းစာရိတ်ကို တစ်နှစ်ပတ်လုံးထောက်ပံ့ ပေးခဲ့ပါသေးသည်။ တစ်လတစ်ခါ ဦးလေးမှ ကျမတို့မိသားစု ဆီသို့အလည်လာတိုင်း ကျမတို့မောင်နှမ တစ်စုပျော်ရွင်ရပါသည်။ မိသားစုဝင်များ၍ နေ့စဉ်ဖွယ်ဖွယ်ရာရာ ဟင်းလျာများကို မချက်ကျွေးနိုင်သော ကျမတို့ မေမေသည် ဦးလေးလာသည့် နေ့များတွင်တော့ "တစ်ဦးမေတ္တာ တစ်ဦးစေတနာ" ဆိုသည့်အတိုင်း ဟင်းလျာကောင်းများ ချက်ကြွေးကာ ဧည့်ခံတတ်ပါသည်။ သို့ပေမယ့် ကျမတို့မောင်နှမတွေကို ဟင်းလျာကောင်းများ စားစေချင်သည့် ဆန္ဒဖြင့် ဦးလေးမှသူ့အား ဧည့်ခံကျွေးမွေးထားသော ဟင်လျာများကို ကျမတို့မောင်နှမများ၏ ပန်းကန်ထဲသို့ ခွဲဝေထည့်ကျွေးတတ်သည်မှာလည်း စာနာတတ်သော ဦးလေး၏ အပြုမူကောင်းများထဲမှ တစ်ခုဖြစ်ပါသည်။ စည်းကမ်းတကျ နေထိုင်တတ်ပြီး လူတိုင်းကို မိမိနှင့်ထပ်တူ စာနာတတ်သော ကျမတို့ ဦးလေးသည် ပြန်ခါနီး ကျမတို့ မောင်နှမများအား မုန့်ဖိုးများပေးတိုင်း မောင်နှမတွေ ညီတူမျှတူ ခွဲဝေပြီး မုန့်ဝယ်စားရန် / ကျောင်းမှ မုန့်ဝယ်မစားနိုင်သည့် သူငယ်ချင်းများ ရှိပါကလည်း ဝေငှကျွေးရန်လည်း မှာတတ်ပါသေးသည်။
လစာထုတ်သည့်နေ့တိုင်းတွင် ဦးလေး၏ ပုံမှန်ပြုနေကြ ကုသိုလ်ထူးလေးတစ်ခု ရှိပါသည်။ ဦးလေး၏ မိခင်မှာ အမေအိုကြီးဖြစ်သည့် အလျောက် ပါတ်ဝန်းကျင်တွင် တွေ့မြင်ရသော အဖွားအိုများကိုလည်း စာနာမိကာ လစာထုတ်သည့်အခါတိုင်း အလျဉ်းသင့်သလို လှူဒါန်းတတ်ပါသည်။ ထို့ပြင် ဦးလေးတို့ ရုံးအနောက်ဘက် ရပ်ကွက်ထဲရှိ အသက်ရွယ် အိုမင်းစွာဖြင့် အဝတ်လျော်ရင်း ပင်ပင်ပန်းပန်း ဝမ်းရေးရှာဖွေရသော အသက် ၆၀ ကျော် အဖွားအိုကိုလည်း ဦးလေးမှ လစဉ် တတ်နိုင်သလောက် လှူဒါန်းလေ့ရှိပါသည်။ ကိုယ့်မိဘနှင့်ထပ်တူ ကိုယ်ချင်းစာ၍ သနားမိကြောင်း ငွေကြေးအဆင်ပြေပါက ဒီထက်မက ထောက်ပံ့ခြင်ကြောင်းလည်း ကျမတို့ကိုအမြဲပြောလေ့ရှိပါသည်။ မိဘကိုလုပ်ကျွေး ပြုစုပြီးစိတ်ထားဖြူစင်သောကြောင့် ဦးလေးမှာ လုပ်ငန်းခွင်တွင်လည်း သူများတွေထက် ပိုမိုအောင်မြင်စွာ လုပ်ကိုင်နိုင်သည်ဟု ကျမထင်ပါသည်။ ကျမတို့မောင်နှမများကိုလည်း ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပြီး မိသားစုနှင့် မိမိပတ်ဝန်ကျင်ကို လက်လှန်းမှီသလောက် စောင့်ရှောက် ကူညီရန်လည်း အမြဲဆုံးမ ပါသည်။ " ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်ပေ " ဟူသည့်စကားအတိုင်း ကျမတို့သည်လည်း ရည်မှန်းချက်များ ပြည့်အောင် ကြိုးစားပြီး တစ်နေ့တွင် ဦးလေးဖြစ်စေချင်သလို မိသားစုနှင့် မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်ကူညီ နိုင်သည့် လောကကြီးကို တစ်ထောင့်တစ်နေရာမှ ပြန်လည်အလှဆင်နိုင်သူများ ဖြစ်အောင်ကြိုးစားပါဦးမည်။
ရေးသားသူ @jesminpoe
ကိုယ်ပြုသောကံ ပဲ့တင်သံ အမှန်ကိုယ့်ထံပြန်လာမည်ဆိုသော စကားရှိပါတယ်ဗျာ ကောင်းသောကံတွေအမြန်ရောက်လာစေ စာပိုဒ်လေးတွေကြားမှာ သက်ဆိုင်ရာ ပုံလေးတွေထည့်ရင်ပိုကောင်းပါမယ်ဗျာ
ဟုတ်ကဲ့ ကျေးဇူးပါရှ