Weekend Movie :: Pink
ယနေ့ခေတ်မှာ အပြောများနေသည့် အမြဲ အဖြေရှာနေ ရသည့် စကားလုံးလေး တလုံး ရှိ၏။ လူ့အခွင့်အရေး။ လူ့အခွင့်အရေး အပြည့်မရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းသည် မကြားချင်မှ အဆုံး ကြားနေရ မြင်နေရ၏။ ကလေး သူငယ် အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး စသည်ဖြင့် ချိုးဖောက် ခံနေရ၏။ နောက်ပိုင်း အကြားများလာသည့် အထဲတွင် အမျိုးသမီးများ အကြမ်းဖက် ခံရမှုသည်လည်း ခေါင်းကြီးပိုင်းသို့ ရောက်လာခဲ့၏။
ညတညရဲ့ အိပ်စက်နားနေချိန်မှာ လူတစု အလုပ် ရှုပ်နေကြပါတယ်။ မြို့ရဲ့တဖက်ခြင်း ဆေးရုံမှာ Rajveer Singh (Angad Bedi) တယောက် မျက်စိနားတ၀ိုက်မှာ ထိခိုက်ဒဏ်ရာ ရထားလို့ ဆေးကုသမှု ခံယူဖို့ ရောက် ရှိလာခဲ့ပါတယ်။ သူ့ သူငယ်ချင်း (၂) ယောက်နဲ့ အတူပေါ့။ ထို့အတူပဲ မြို့ရဲ့ တနေရာမှာလည်း အမျိုးသမီးငယ် (၃) ယောက်ဟာ စိတ်ပျက် နွမ်းနယ် စိုးရိမ် ပူပန်ခြင်းများနဲ့ သူတို့ ငှားနေတဲ့ အိမ်ကို ပြန်လာခဲ့ ကြပါတယ်။ Minal (Taapsee Pannu), Falak (Kirti Kulhari) နှင့် Andrea တို့ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘယ်လိုများ ဆက်စပ်မှု ရှိနေကြတာလဲ။
photo from Google
ဟုတ်ပါတယ်။ ရှိနေပါတယ်။ သူတို့ဟာ Rock Show ပွဲ တခုမှာ ဆုံတွေ့ခဲ့ကြပါတယ်။ ထို့နောက် Rajveer ရဲ့ ဖိတ်ခေါ်မှုကြောင့် သူမတို့ဟာ တခုခု စားဖို့ Rajveer တို့ နှင့်အတူ တည်းခိုခန်း တခုကို လိုက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ စတော့တာပါပဲ။ လူ (၆) ယောက် အတွဲ (၃) တွဲ ဟာ အခန်း တခန်းထဲမှာ စုနေရာကနေ (၂) ယောက် တတွဲ အခန်း ခွဲပါတော့တယ်။ မကြာမီမှာ Rajveer နှင့် Minal တို့ အခန်းမှာ ဆူညံသံတွေ ကြားရပါတော့တယ်။ Rajveer ဟာ Minal နဲ့ ဆက်ဆံဖို့ ကြိုးစားပါတယ်။ ဒါကို Minal က လက်မခံ ခဲ့ပါတယ်။ သူမ လက်မခံလို့ Rajveer က အတင်းအကြမ်း ပြုမူပါတယ်။ ဒါကြောင့် Minal က အရက်ပုလင်းနဲ့ ရိုက်လိုက်ခြင်း ဖြစ်ပါတယ်။
ကိစ္စရပ်တွေ ဖြစ်ပြီး နောက်ရက်မှာ Minal တို့ ဖက်က ကြေအေးနိုင်ဖို့ အေးအေးဆေးဆေး ပြီးသွားဖို့ အတွက် Rajveer တို့ကို တောင်းပန်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် အခြေနေတွေက ထင်သလို ဖြစ်မလာ ခဲ့ပါဘူး။ Minal တို့ဖက်က အေးအေးဆေးဆေး ဖြစ်သွား ချင်ပေမယ့် Rajveer တို့ဖက်က တဖန်ပြန် ခြိမ်းခြောက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါနဲ့ Minal လည်း Rajveer တို့ကို ရဲစခန်းမှာ တိုင်ချက်ဖွင့် လိုက်ပါတယ်။ သို့ပေမယ့် Minal တို့ သတိမထားမိလိုက်တာက Rajveer ရဲ့ ဦးလေးဟာ အစိုးရအဖွဲ့မှာ ရာထူးကြီးကြီး ရထားသူ တဦး ဖြစ်ပါတယ်။ သူတို့ ရဲ့ အမှားကို အမှန် ဖြစ်အောင် ပြောင်းလဲပါတော့တယ်။ Minal တို့ဟာ မိန်းမပျက်များ ဖြစ်ပြီး သူတို့ကို ဈေးညှိကြောင်း၊ ဈေးညှိ မရသောကြောင့် သူ့ကို အရက်ပုလင်းနှင့် ရိုက်ခြင်း ဖြစ်ကြောင်း လုပ်ကြံ အမှု တည်ဆောက်ပါတော့တယ်။ Minal အဖမ်းခံ ရပါတယ်။
Deepak (Amitabh Bachchan) ဟာ Minal တို့ ရဲ့ အိမ်နီးချင်း တဦး ဖြစ်ပါတယ်။ သူဟာ အိမ်ထောင်သည် တဦး ဖြစ်ပါတယ်။ သူ့ အမျိုးသမီးဟာ ကျန်းမာရေး မကောင်းလို့ ဆေးရုံတင်ထားရပါတယ်။ ဒါ့ပြင် သူဟာ ရှေ့နေ တဦးလည်း ဖြစ်ပါတယ်။ အမှုမလိုက်တော့တဲ့ ရှေ့နေ တဦးပါ။ Minal တို့ရဲ့ အခြေနေကို အတန်ငယ် တီးမိ ခေါက်မိပြီး Falak ကိုလည်း သွားသတိ၊ လာသတိ ဖြင့် နေထိုင်ဖို့ အသိပေး ခဲ့ဖူးပါတယ်။ အဆုံးမှာတော့ အကူအညီ လိုနေတဲ့ Falak တို့ဟာ Deepak ကို အကူအညီတောင်းပါတော့တယ်။ အစပိုင်းမှာ Deepak က လက်မခံပေမယ့် နောက်ပိုင်းမှာ Falak တို့ကို ကူညီဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
ကဲ Minal, Falak တို့ အတွက် အမှန်တရားကို Deepak က ဖော်ဆောင်ပေးနိုင်မလား သို့မဟုတ် Rajveer တို့ကပဲ အမှားကို အမှန် လုပ်ပြီး ဥပဒေကို လက်တလုံးခြား လုပ်သွားကြမလား ဆိုသည်ကိုတော့ ပိတ်ကားထက်မှာ ဆက်လောက် စောင့်ကြည့်ပါလို့ …..
photo from Google
ဒီကားလေးဟာ အင်မတန်မှ ပဲ ကြည့်ကောင်းပါတယ်။ ခုနောက်ပိုင်း တောက်လျှောက်ထွက်လာတဲ့ ဘောလိဝု ကား အများစုမှာ ရသပိုင်း အပြင် အသိပညာ ဗဟုသုတ တခုတခု ပေးဖို့ ကြိုးစားလာကြတာကို တွေ့မြင်ရပါတယ်။ ဖျော်ဖြေရေး တခုအနေနဲ့ မဟုတ်တော့ပဲ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ လိုအပ်နေသည်များကို မီးမောင်းထိုး ထောက်ပြနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံကို တဖက်တလမ်းက အကျိုးပြုတာပါပဲ။ ကြီးကြီးကျယ်ကျယ် ထပ်ပြောရရင် လူမှု ပတ်ဝန်းကျင် တခုလုံးကို အကျိုးပြုပါတယ်။ အမျိုးသမီးထု လုံခြုံမှု ရှိဖို့က အမျိုးသားတွေကို ထိန်းရမှာ ဆိုပြီး ပြောတဲ့ အခန်းလေးနဲ့၊ No ဆိုတဲ့ စာကားလုံးကို ဖွင့်ဆိုပြီး နောက်ဆုံး လျှောက်လှဲချက်ပေးတဲ့ အခန်း တွေဟာ ကျတော့် စိတ်ထဲ မှတ်မှတ်ထင်ထင် စွဲကျန်နေတဲ့ အခန်းတွေပဲ ဖြစ်ပါတယ်။
နောက်တခုက ခုဇာတ်ကားဟာ ရှေ့အပတ်က ကျတော် review ရေးခဲ့တဲ့ movie တွေလိုပဲ သီချင်းဆို ကြည်နူးနေတဲ့ အခန်းတွေမပါ ပါဘူး။ ထို့ပြင် ၀မ်းနည်း ရင်နင့်ရတဲ့ အခန်းတွေလည်း ပါလို့ တချို့အခန်းတွေမှာ စိတ်ခိုင်ခိုင်ထား ကြည့်ပါလို့ ပြောပါရစေ။ ဘာပဲ ဖြစ်ဖြစ် ဒီဇာတ်ကားဟာ အမျိုးသမီးတွေရဲ့ အခက်အခဲ၊ အခွင့်အရေးနှင့် အကာအကွယ် ပေးနိုင်ရန်တို့ကို မီးမောင်း ထိုးပြလိုက်တဲ့ ဇာတ်ကားကောင်း တကား ဖြစ်တာကတော့ အသေအချာပင် ဖြစ်ပါတယ်။
Director
Aniruddha Roy Chowdhury
Cast
Amitabh Bachchan, Taapsee Pannu, Kirti Kulhari, Andrea Tariang, Angad Bedi, Piyush Mishra, Dhritiman Chatterjee
Don Jaun
MSC 31
ဟုတ်ကဲ့ ကိုdon ကြည့်ဖြစ်အောင် ကြည့်လိုက်ပါမယ်
ကျေးဇူးပါဗျာ
ဟုတ်ကဲ့ပါ ဗျ။
get more knowledge about law
Yes !
ခေါင်းစဉ်ကိုမူပိုင်ယူထားပေတော့ ဒွန်ရေ။
ဟုတ် ဆရာ ...
ယူထားပြီ
😁