ပြီးခဲ့သော လက ဟိုက်ပါ ရေတံခွန် သွား ဖြစ်၏။ (ထို ရေတံခွန် အကြောင်းတော့ နောက်များမှ ပြောပြပါဦးမည်) တချို့က မိသားစုလိုက်ဆိုတော့ လူတော့ များသွား၏။ (၂၁) ယောက် ကား (၃) စီးနှင့် ဖြစ်၏။ ပြောစရာကိစ္စ၊ စဉ်းစားစရာ ကိစ္စက အသွားလမ်းမှာ စတော့၏။ လမ်းမှာ ကျတော်တို့ စီးသည့် ကားက နောက်ဆုံးကလိုက်၏။ ရှေ့က သွားနေသည့် သူငယ်ချင်းများပါသည့် ကားက ကျတော်တို့ကားနှင့် သိပ်မဝေးလှ။ လမ်းခရီးအခြေအနေကြောင့် ခပ်ခွာခွာလေး မလှမ်းမကမ်းမှ မောင်း၏။ ရှေ့ကားမှာ ပါသည့် သူငယ်ချင်းများက ရွာငယ်လေးများကို ဖြတ်ချိန်၊ ရွာအနီးနား ကားလမ်းမဘေးမှ တွေ့ရသည့် ကလေးငယ်များကို မုန့်ထုပ်များ ချပေး၏။ တခါတလေ ကားကို သတိမထားမိပဲ ခပ်လှမ်းလှမ်းမှ လျှောက်နေသာ ကလေးငယ်များကို တွေ့ကလည်း ကားအရှိန်လျှော့ လက်ယက်ခေါ်ပြီး မုန့်ထုပ်များ ပေးပြန်၏။
တနေရာ၊ နှစ်နေရာလောက်တော့ ကျတော် ဘာမှ မပြော။ နေရာတော်တော်များများမှာ ထိုသို့ လုပ်နေသည်ကိုတွေ့တော့ ကျတော် မနေနိုင်တော့။ အရှေ့ကားမှာ ပါသည့် အသိအကို ကို phone လှမ်းဆက်ပြီး ပြောရတော့၏။ ထိုသို့ မုန့်ထုပ်များ မချပေးရန်၊ မပေးရန်ကိုပေါ့။ ထိုအခါ ကားပေါ်မှ အကိုက အိုကေအိုကေ ဆိုပြီး phone ချသွား၏။ ထိုကားပေါ်မှ သူငယ်ချင်းများကတော့ ကျတော့်ကို မည်သို့ထင်မည် မသိပေ။ အလကား အာလာချောင်နေ၊ သူ့မုန့်ထုပ်လည်း မဟုတ် ကိုယ့်မုန့်ထုပ်နှင့် ကိုယ်ပေးတာကိုဟု ထင်ကောင်းထင်ကြပေမည်။ ထိုကားပေါ်မှ မဟုတ် လက်ရှိ ကျတော် လိုက်ပါစီးနင်းနေသည့် ကားပေါ်မှ အသိများနှင့်ပါ ပြောစရာတွေ ဖြစ်ကုန်၏။ ထိုကဲ့သို့ ဖြစ်လာမည်ကို ကျတော် ကြိုတွေးမိထားပြီးသား ဖြစ်၏။ သို့သော် မတက်နိုင်ပေ။ ကျတော့် သဘောထား၊ ကျတော့် အမြင်ကို ပြောရတော့၏။
photo from ZEDGE
လွန်ခဲ့သော (၂) နှစ်ခန့်က ကလောမှ ညောင်ရွှေသို့ Trekking သွားတုန်းက လမ်းပြ Guide ညီလေးက ကျတော်တို့အဖွဲ့ကို တခုတ်တရနှင့် သေချာမှာသည့် အကြောင်းလေးကို ပြန်လည် ဖောက်သည်ချမိ၏။ လမ်းလျှောက်ရင်း လမ်းမှာ ခဏနားဖို့ ရွာတရွာသို့ အ၀င်မှာ ကလေးငယ်များ တွေ့၏။ ကျတော်တို့ အဖွဲ့ထဲမှ သူငယ်ချင်းတယောက်က သူ့တွင်ပါသည့် ဘီစကွတ်မုန့်ထုပ်များကို ရွာထဲရှိ ကလေးငယ်အချို့ကို ဝေပေး၏။ ထိုအခါ ကျတော်နှင့် နောက်သူငယ်ချင်း တယောက်က ထိုသို့ မလုပ်ရန် တား၏။ အကျိုးအကြောင်း ပြောပြ၏။ သူက သိပ်သဘောမတွေ့လှပေ။
ထိုအဖြစ်ကို လမ်းပြ Guide ညီလေးက မြင်ပြီး ထိုသူငယ်ချင်းကို ခုလို ပြော၏။ အကို့ စေတနာကို နားလည်ပါတယ် အကို။ မုန့်ရသွားလို့ သူတို့လေးတွေလည်း ပျော်ကြသလို အကိုလည်း ပျော်ရွှင်ပီတိဖြစ်ရမှာပါ။ သို့ပေမယ့် အကို့လိုမျိုး နောက်ထပ် နောက်လာတဲ့ အဖွဲ့ထဲက မုန့်ပေးတဲ့ သူရှိလာခဲ့ရင် ဒီကလေးတွေမှာ အော် ကျော်ပိုးအိတ် လွယ်လာတဲ့ လူစိမ်းတွေ လမ်းလျှောက်သူ ခရီးသွားတွေလာရင် ငါတို့ မုန့်စားရပါလား ဆိုပြီး ထင်သွားမယ်။ ဒီလို လာလည်တဲ့ အဖွဲ့တွေမြင်ရင်မုန့်စားရတော့ မယ်ဆိုတဲ့ အသိနဲ့ စူးစမ်း စပ်စုတော့မယ်။ တချို့ဆို မုန့် သို့မဟုတ် တခုခုပေးပါဆိုပြီး လက်ဖြန့်လိုက်တောင်းတာတွေအထိ လုပ်လာကြမယ်။ နုနယ်သေးတဲ့ သူတို့လေးတွေရဲ့ စိတ်ထဲမှာ မုန့်ဆိုတာ အလွယ်ရတာပါလား၊ လက်ကလေးဖြန့်လိုက်ရုံပါပဲလား ဆိုတဲ့ အလွယ်လိုက်ချင်တဲ့ စိတ်တွေ ၀င်သွားနိုင်ပါတယ် အကို။ ဒါဟာ ရေရှည်မှာ ဒီကလေးတွေ အတွက် မကောင်းပါဘူး။ တဒင်္ဂပျော်ရွှင်မှုအတွက် ဘ၀တွေ အများကြီးကို အရောင်တွေ မစွန်းစေချင်လို့ပါ အကို။ ဒါကြောင့် ကျေးဇူးပြုပြီး ကလေးတွေကို ဘာမှ မပေးပါနှင့် အကို ဆိုပြီး ပြောပြ၏။
ကျတော်တို့လည်း ထိုသို့ ပြောပြခြင်းပါပဲ သို့ပေမယ့် တခါတလေ အချင်းချင်းထက် သူစိမ်းပြောမှ လက်ခံမိတတ်တာမျိုးကလည်း ရှိသေးသည် မဟုတ်လား။ ထိုသူငယ်ချင်းလည်း တခြားရွာများသို့ ရောက်ချိန်မှာတော့ ကလေးများကို မုန့်ထုပ်များ မပေးတော့ပေ။ ထိုလမ်းပြ Guide ညီလေးမှ မဟုတ် အခြား လမ်းပြ Guide များကလည်း ပြည်တွင်း ပြည်ပ လာရောက်လည်ပတ်သူတိုင်းကို ထိုသို့မှာ၏။
photo from Google
အမယ်လေး မုန့်လေးဝေတာ၊ ပေးမိတာကိုများ ရေးကြီးခွင်ကျယ် လုပ်လို့ ဟု ဆိုချင်သူလည်း ရှိပေလိမ့်မည်။ သို့ပေမယ့် ကျတော်တို့သည် အရှည်ကိုတွေးထားဖို့လို၏။ အထက်က ဆိုခဲ့သည့် အတိုင်း ကလေးငယ်၏ မသိစိတ်ထဲတွင် တလွဲအတွေးများ မ၀င်သွားဖို့ လုပ်၏။ ဆိုလိုသည်က သူ့ရွာ သူ့အိမ် သူ့လယ်မှာ သူ့နေထိုင်မှု ပုံစံနှင့်သူ အဆင်ပြေနေပြီးသားပင်။ တခါတလေ စေတနာသည် ဝေဒနာ ဖြစ်တတ်၏။ သူတို့တွေ မြို့နဲ့ ဝေးလံတဲ့ နေရာမှာ နေတာ ဒီမုန့်တွေ မစားဖူးလောက်ဘူး ဆိုတဲ့ စေတနာ ပေါ့။ ထပ်ဆင့် စဉ်းစားကြည့်ရအောင် ထိုမစားဖူးသည့် မုန့်များကို စားမိပြီးမှ ထိုမုန့်ကို ကြိုက်သွားပြီး ထပ်စားချင်လာပါက သူ့ခမျာ မည်သို့ လုပ်ရမည်နည်း။ နောက်တဖွဲ့က ကျွေးပါလိမ့်မယ်ကွာ ဆိုပါစို့။ ဟုတ်ပြီ ကဲ မကျွေးသည့်အဖွဲ့နှင့်တွေ့က သူတို့ဘာလုပ်မည် ထင်သနည်း။ လက်ဖြန့်ပြီးတောင်းမည်မှာ အသေအချာပင်။ တဖွဲ့မပေးက နောက်လာသည့် တဖွဲ့ထံမှာ တောင်းမည်။ မရမချင်း တောင်းနေမည်မှာ အသေအချာပင်။ မစားရသည့်ကလေးထက် စားရသည့် ကလေးက ငတ်သည် မဟုတ်လား။ ကျတော်တို့၏ စေတနာက သူတောင်းစားလေးများကို ပျိုးထောင်ပေးလိုက်သလို မဖြစ်ဖို့လို၏။
သူတို့နေ့စဉ်ဘ၀သည် သူ့သဘာဝနှင့်သူ အဆင်ပြေပြေ လည်ပတ်နေပြီးသား ဖြစ်၏။ ငါတို့လောက် အဆင်ပြေပါ့မလားကွာ ဆိုပြီး ကတ်သတ်ပြောလိုက ကျတော်ဆိုခဲ့ပြီးသလို သူ့အထွာနှင့်သူ အဆင်ပြေနေပြီးသား ဆိုသည့် စကားကို ပြန်ပြီး သတိချပ်မိစေလို၏။ ထိုကလေးငယ်မျာသည် ငတ်ပြတ်နေသူများ မဟုတ်၊ အဟာရချို့တဲ့နေသူများလည်း မဟုတ်ပေ။ (ပိန်လှီဖျော့တော့၊ ငတ်ပြတ်နေသည့် ကလေးငယ်များကို တွေ့လျှင်တော့ တမျိုးပေါ့။ ထိုကဲ့သို့သော ကလေးငယ်မျိုးများကို မုန့်ပေးလို၊ ထောက်ပံ့ပေးလိုလျှင်တောင် ရော့အင့် မလုပ်ပဲ လမ်းမှန်၊ နည်းမှန်နှင့် ထောက်ပံ့ပေးဖို့ လို၏) ကလေးငယ်များသည် ခန္ဓာကိုယ်အားဖြင့် ကျန်းမာနေဖို့လိုသလို စိတ်ဓါတ်အားဖြင့်လည်း သန်မာနေဖို့လို၏။ ကျတော်တို့၏ လုပ်ရပ်က သူတို့၏ စိတ်ခွန်အားကို အားလျော့စေပြီး အချောင် ရေသာခိုလိုသည့် စိတ်များ ကိန်းအောင်းသွားစေနိုင်သည်ကို ကျတော်တို့ကိုယ်တိုင် သတိမူမိဖို့လို၏။
အားလုံးပဲ နည်းမှန်၊ လမ်းမှန်ဖြင့် ကျတော်တို့၏ အနာဂတ်ကလေးများကို စောင့်ရှောက်လမ်းပြနိုင်ပါစေ။
Don Jaun
MSC 31
right ကိုဒုန် ကိုယ့်ရှေ့မှာ ဝေပေးနေရင် မလုပ်ဖို့ပြောဖို့ အင်အားမရှိပေမဲ့ ကိုဒုန်နှင့်ထပ်တူ တွေးမိပါသည် ။
Hai rakan meutuwah @donjaun. Loen cukop tertarik deungon tulesan nibak postingan droeneuh. 👍
Jadi aci tulong peugah siat nyan pu bahsa ?
Pu bit nyan bahsa awak kaphe paleh Myanmar ?
Meunyoe beutoi nyan bahsa Myanmar, loen cukop icah kuh keu kaphe-kaphe disideh. Ka ingat nyan beh 👍