ကိုယ့်ရဲ့ မုန့်ဖိုးတွေ ခြစ်ကုတ်စုပြီး ချစ်သူအတွက် ငွေလက်စွပ်လေးတကွင်းလုပ်ပေးခဲ့ဖူးတယ်။ တပြိုင်တည်းမှာပဲ ကိုယ့်အတွက်လည်း ဆင်တူတကွင်းလုပ်ခဲ့တယ်။ ကိုယ့်မုန့်ဖိုး ဆိုပေမယ့် အဲ့တုန်းက ကိုယ်ရတဲ့မုန့်ဖိုးက သူများတွေရဲ့တဝက်တောင်မရှိဘူး။ အဲ့ဒီ့ငွေလက်စွပ်ကလေးနှစ်ကွင်းလုပ်နိုင်ဖို့အတွက် ကိုယ် တလ လောက်မုန့်မစားခဲ့ရဘူး။ ကိုယ့်ရဲ့ကျောင်းမုန့်ဖိုးလေးနဲ့စုပြီး ဝယ်ပေးခဲ့တဲ့ လက်စွပ်ကလေးမို့ ကိုယ်သိပ်ကိုမြတ်နိုး တန်ဖိုးထားခဲ့ဖူးတယ်။
နောက်နေ့ ချစ်သူကိုတွေ့တော့ မျက်လုံးမှိတ်ခိုင်းပြီး လက်ထဲကိုလက်စွပ်လေးထည့်ပေးတော့ ချစ်သူဟာ ထခုန်မတတ်ဝမ်းသာသွားခဲ့တာ ကိုယ်မမေ့ဘူး။ ကိုယ့်ကိုလည်း သိပ်မြတ်နိုးကြည်နူးစွာနဲ့ တစိမ့်စိမ့်ကြည့်နေခဲ့တာ။ သူသိပ်ပျော်နေတာလေ။ သူ့အတွက် မုန့်ဖိုးတွေစုပြီး စပရိုက်လုပ်ပေးတဲ့လက်စွပ်ကလေးကို သူတယုတယနမ်းတယ်။ ပါးပြင်မှာအပ်တယ်။ လက်ဝါးထဲထည့်ပြီး နောက်လက်တဖက်နဲ့ အုပ်မိုးတယ်။ နောက်တော့သူကပြောတယ်။ သူမဝတ်ရက်ဘူးတဲ့လေ။ အဲ့ဒီ့နေ့လေးတွေဟာ ကိုယ့်ရဲ့အပျော်ဆုံးအချိန်တွေဖြစ်ခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်လက်သူကြွယ်လေးမှာ သူဝတ်ပေးတယ်။ သူ့လက်သူကြွယ်မှာလည်း ကိုယ်ဝတ်ပေးလိုက်တယ်။ သူအံ့သြသွားတာက သူ့လက်အတိုင်းကို ကိုယ်သိနေခဲ့တယ်ဆိုတာပဲ။ အဲ့ဒီ့တုန်းက သူကိုယ့်ကို သိပ်ချစ်ခဲ့တာကိုယ်မမေ့ဘူး။ ကိုယ်လည်း သူ့ကို သိပ်ချစ်ခဲ့တာလေ။ .
.
အဲ့လိုနဲ့ စနေ တနင်္ဂနွေ ကျောင်းပိတ်ပြီး တနင်္လာကျောင်းပြန်ဖွင့်ချိန်ရောက်တော့ သူနဲ့ကိုယ်တွေ့နေကျနေရာလေးမှာ ဆုံဖြစ်တယ်။ ချစ်သူ့မျက်နှာဟာ မရွှင်မလန်းနဲ့ သိပ်အားနည်းနေသလိုပဲ။ ကိုယ့်ကိုကြည့်တဲ့မျက်လုံးတွေဟာလည်း ခပ်စိမ်းစိမ်းတွေဖြစ်နေတာ သတိထားလိုက်မိတယ်။ ကိုယ်ထိတ်လန့်သွားတယ်။ ချစ်သူအဲ့လိုဖြစ်တာ တခါမှမကြုံဖူးဘူးလေ။ တခါမှ လို့ပြောရတာကလည်း ချစ်သူသက်တမ်း ၅လမှာ ဒါပထမဆုံးအကြိမ်မို့ပါ။ ကိုယ်ခြေမကိုင်မိ လက်မကိုင်မိနဲ့ သူ့ကိုအတင်းမေးနေတော့တာ။ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ။ ကိုယ်ဘာလုပ်မိလဲ ။ အကြိမ်ကြိမ်အခါအခါ စဉ်းစာပြီး အကြိမ်ကြိမ်ခါမေးတော့မှ ချစ်သူက စကားတခွန်းပြောတယ်။ ဇော်ဇော်ကြောင့်ပါတဲ့။ ချစ်သူရဲ့သူငယ်ချင်းဇော်ဇော်ဆိုတာ ကိုယ်တို့ချစ်သူတွေစဖြစ်ကတည်းက သိပ်ကြည်ဖြူတာမဟုတ်ဘူးဆိုတော့ ဇော်ဇော်ဘာပြောလဲ အတင်းမေးရတော့တာပဲ။ အဲ့နေ့ဟာ ကိုယ့်ကံကြမ္မာ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ ကိုယ်မမျှော်လင့်ခဲ့မိဘူး။ ချစ်သူကပြောတယ်။ ဇော်ဇော်ကို သူ့ကောင်မလေးက ရွှေလက်စွပ်လုပ်ပေးတယ်တဲ့။ ချစ်သူကိုလည်း ငွေလက်စွပ်ဝတ်ထားတာကြည့်ပြီး လှောင်သတဲ့။ ကိုယ်လေ ခြောက်ခြားလိုက်တာမှအရမ်းပဲ။ ချစ်သူကိုလည်း အရမ်းအံ့သြသွားမိတယ်။ သူ့သူငယ်ချင်းပြောလိုက်တဲ့ ရွှေ ငွေဆိုတဲ့အပေါ်မှာ ချစ်သူဟာ သိမ်ငယ်သတဲ့လား။ ချစ်ခြင်းမေတ္တာဆိုတာကို ချစ်သူနားမလည်ဘူးတဲ့လား။ သူ့သူငယ်ချင်းကရွှေလက်စွပ်ဝတ်ပြီး သူရွှေလက်စွပ်မဝတ်ရလို့ ကိုယ့်ကိုငြူစူသတဲ့လား။ ကိုယ့်မှာ အဲ့ဒီ့ငွေလက်စွပ်ကလေးရဖို့ ဘယ်လောက်များစုလိုက်ရသလဲ။ လက်စွပ်ကလေးပေးတဲ့နေ့က ချစ်သူဟာ သိပ်ပျော်ရွှင်ခဲ့ဖူးကြောင်း သူ့သူငယ်ချင်းကို မသိစေဘူးလား။ ကိုယ်အရမ်းအံ့သြသွားတယ်။ ကြောက်လည်းကြောက်သွားတယ်။ ခေါင်းထဲမှာထူပူပြီး ရှက်လည်းရှက်သွားတယ်။ အလိုလိုမျက်ရည်တွေစီးကျလာတယ်။ လက်တွေလည်းတုန်နေတယ်။ ကိုယ်စကားမပြောနိုင်ဘူး။ ချစ်သူကိုသာ မျက်ရည်တွေကြားက စူးစိုက်ပြီးကြည့်နေလိုက်တယ်။ ချစ်သူကအေးအေးဆေးဆေးပဲ ကိုယ့်ကိုမျက်ရည်သုတ်ပေးတယ်။ နောက်ပြီးပြောသေးတယ်။ ကိုယ်ပြန်ပြောလိုက်ပါတယ်တဲ့။ ငါ့ချစ်သူဟာ နောက်လမှာ ငါ့အတွက်ရွှေလက်စွပ်လုပ်ပေးလိမ့်မယ်လို့။ တဲ့လေ။ ကိုယ့်ခေါင်းပေါ် မိုးကြိုးတွေအစင်းစင်းပစ်ချလိုက်သလို ခေါင်းတခုလုံး ပြာဝေမူးနောက်သွားတယ်။ ကြားလိုက်ရတဲ့စကားသံဟာ နားထဲမှာ ပဲ့တင်ထပ်နေတယ်။ နောက်လ နောက်လ နောက်လတဲ့။ ချစ်သူသက်တမ်း ၅ လမှာ ကိုယ်တို့စားခဲ့တဲ့အစားအသောက်တွေ သွားခဲ့တဲ့နေရာတွေရဲ့ စရိတ်တွေ အားလုံးကို ချစ်သူကုန်ကျမှာစိုးလို့ ကိုယ်မုန့်ဖိုးတွေနဲ့ရှင်းခဲ့တာတွေချစ်သူဘာကြောင့်မေ့ပြစ်ရတာလဲ။ ကိုယ်သိပ်ချမ်းသာတယ်များထင်နေလို့လား။ ချစ်သူနဲ့တွေ့ရင်သုံးဖို့ ကိုယ်ကျောင်းအားတဲ့အချိန်တိုင်း ဖိနပ်လေးတွေစီးကွင့်ထိုးပြီးပိုက်ဆံစုခဲ့တာတွေ ချစ်သူမရိပ်မိခဲ့ဘူးလား။ ကိုယ့်ကို ချဉ်းကပ်ခဲ့တာ ကိုယ့်ရဲ့ချွေးနဲစာတွေကို ချူဖို့သက်သက်လား။ ကိုယ်ဘယ်လိုမှမယုံနိုင်ဘူး။ မယုံနိုင်ခဲ့ဘူး။ နောက်လမှာ သူ့အတွက်ရွှေလက်စွပ်ပေးရမယ်လို့ ကိုယ့်ကို ခြိမ်းခြောက်နေတာလား။ ကိုယ်အတွေးတွေနဲ့ပဲ ချာချာလည်ပြီး မျက်ရည်တွေသာတွင်တွင်ကျနေမိတယ်။ ချစ်သူကတော့ ကိုယ့်ရဲ့ အပ်ပေါက်ရာပေါင်းများစွာထပ်နေတဲ့လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်ပြီး ပြုံးပြတယ်။ မငိုပါနဲ့တဲ့။ သူမခံနိုင်ဘူးတဲ့လေ။ ကိုယ်စကားတွေစွံ့အနေခဲ့တယ်။
.
.
ကိုယ့်အိမ်ပြန်လမ်းတွေဟာ မီးလောင်ပြင်လို ပူနွေးခြောက်ကပ်နေတယ်။ ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ ကိုယ့်ခြေထောက်ကို စူးဆူးဖူးတယ်ဆိုတာလောက်ပဲမှတ်လိုက်တယ်
တပတ်လောက်စာမကျက်ဘဲငိုခဲ့တဲ့ကိုယ့်မျက်ရည်တွေကို ကိုယ်အကောင်းဆုံးပြန်ခြောက်စေခဲ့တယ်။ ကိုယ်ပုံမှန်ပြန်ဖြစ်သွားတယ်။
.
ချစ်ခဲ့သူနဲ့ ချစ်သူသက်တမ်း ၅လနဲ့ ၈ရက်မှာ ကိုယ်တို့ လမ်းခွဲခဲ့တယ်။ လမ်းခွဲပြီး ၁၀ရက်အကြာမှာ ချစ်သူကို ကျောင်းလမ်းမမှာအမှတ်မထင်တွေ့ဖြစ်တယ်။ ချစ်သူဘေးမှာ မိန်းကလေးချောချောတယောက်နဲ့။ လက်ကလေးတွေတွဲလို့။ ချစ်သူဟာ ပြုံးလို့ရွှင်လို့။ ကိုယ့်ကိုတောင်မမြင်ဘူး။ ဖျက်ကနဲကိုယ်ချစ်သူလက်ကိုကြည့်လိုက်တော့ အရင် ကိုယ်ငွေလက်စွပ်ကလေးဝတ်ပေးခဲ့တဲ့ လက်သူကြွယ်မှာ ကျောက်ကလေးတလုံးနဲ့ ရွှေလက်စွပ်ကလေးဝတ်လို့။
ကိုယ်ကျေကျေနပ်နပ်ပြုံးလိုက်တယ်။ ကိုယ်အကောင်းဆုံးလမ်းကိုရွေးချယ်ခဲ့တယ်လေ။ အဲ့ဒီ့အတွက်ကိုယ်ပျော်တယ်။ ကိုယ့်အတွက် ကိုယ်ဟာ အဖော်ပဲဆိုတာ သိပ်ကိုသေချာသွားခဲ့ပြီပဲ။
Photo Credit - https://www.pcjeweller.com
စုမွန်သွယ်
MSU No 057
ရသ တွေပေးတယ်ဗျာ ကြိုက်တယ်
အားပေးတာ ကျေးဇူးတင်ပါတယ်
MSU 018
Nice
Good story
MSU 042