တနင်္လာနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီ 15 မိနစ်မှာ တွေခဲ့ပြီးသည့် Manchester Derby ပွဲစဉ်ကို ဒီနေ့ မနက် 1 နာရီခွဲမှာ ထပ်ကြည့်ရပြန်၏။ ပွဲ အဟောင်း မဟုတ်၊ ပွဲ အသစ် ဖြစ်၏။ သူတို့ တပတ်အတွင်း 2 ကြိမ် တွေ့ဆုံကြခြင်း ဖြစ်၏။ တနင်္လာနေ့က WSL ပွဲစဉ် ဖြစ်ပြီး ဒီနေ့ မနက်ကတော့ Women's League Cup Quarter-final ပွဲစဉ် ဖြစ်၏။ WSL တုန်းက City အိမ်ကွင်းမှာ ဖြစ်ပြီး League Cup ပွဲစဉ်ကတော့ United ၏ အိမ်ကွင်းမှာ ဖြစ်၏။ City အိမ်ကွင်းမှာတုန်းက United တို့ 2-4 နဲ့ အနိုင်ရခဲ့ပြီး ခု United ၏ အိမ်ကွင်းမှာတော့ City က 1-2 နဲ့ အနိုင်ရသွားခဲ့၏။
တလှည့်စီ အနိုင်ရယူ ကြလေသည်ပေါ့။ United နိုင်တော့ အမှတ်ပေး ဇယားမှာ City ၏ အထက်မှာ ရပ်တည်ခွင့် ရခဲ့၏။ ချန်ပီယံဆု မှန်းနိုင်ဖို့က ဇယားထိပ်က Chelsea အသင်း ခြေချော်မှသာ ဖြစ်နိုင်မည် ဖြစ်၏။ သူများ ခြေမချော်ဘဲ ကိုယ်က ခြေချော်ရင်လည်း မဖြစ်သေးပေ။ ဒါကိုတော့ အလေးထား ဂရုစိုက်ရမည်။ Chelsea နဲ့က 7 မှတ် ကွာ အနေအထား ဖြစ်၏။ ခုက ပွဲစဉ် 11 ထိ ကစားပြီး ဖြစ်၏။ 22 ပွဲ ကစားရမှာမို့ ရာသီဝက် ရောက်နေပြီဟု ဆိုလို့ရ၏။ ချန်ပီယံ ဖြစ်လိုရင်တော့ လက်ကျန် 11 ပွဲမှာ ရနိုင်သမျှ အမှတ်တွေ အကုန် ယူထားဖို့ လိုမည် ဖြစ်၏။
WSL ချန်ပီယံထက် ပိုသေချာသည့် League Cup ကို အလေးထားသင့်သည်ဟု ကျနော့် အနေနဲ့ မြင်မိ၏။ သူတို့လည်း သေချာ ကစားကြပါရဲ့။ ညက ကျနော် တရေးနိုးတော့ ကြည့်မိလိုက်သေး၏။ ရှေ့တပွဲထက်တောင် United ၏ ကစားပုံက ကောင်းနေခဲ့၏။ သို့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် Quarter-final အဆင့်ကနေပဲ နှုတ်ဆက်ခဲ့ရလေ၏။ မနှစ်ကလည်း Man City ကို 2-1 နဲ့ ရှုံးပြီး League Cup ကနေ ထွက်ခဲ့ရခြင်း ဖြစ်၏။ တိုက်ဆိုင်လွန်းလှ၏။
League Cup က ထွက်ခဲ့ရပေမယ့် FA Cup တော့ ကျန်နေပါသေး၏။ မနှစ်က ချန်ပီယံဆုကို United တို့ ကာကွယ်နိုင်မလားကတော့ စိတ်ဝင်စားစရာပင်။ FA Cup က Round of 16 အဆင့် ရောက်လာပြီ ဖြစ်၏။ United တို့ Wolves အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။
ပြီးခဲ့သော တနင်္လာက City ကွင်းမှာ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့ပေမယ့် ယခု အိမ်ကွင်းပွဲစဉ်မှာတော့ 1 ဂိုးသာ ပြန်ရခဲ့ပြီး အရှုံးပေးခဲ့ရလေ၏။ အမြဲတမ်းတော့လည်း ဘယ်နိုင် နေမလဲ။ နို့ပေမယ့် အိမ်ကွင်းမှာပါ City ကို ထက်နိုင်ခဲ့မယ် ဆိုရင် အပျော်ပေါ် အပျော်ဆင့်သွား ပေလိမ့်မည်။ ခုတော့ အပျော်တွေ ခဏ တန့်သွားရပြန်လေတော့၏။
(photos from respective Pages)