စနစ်ဆိုး၏ သားကောင်များ
“ဘဘ … လာ … နောက်ကျတယ်”
“အေး … သမီးရယ် … ဘဘက တမင်ကို နောက်ကျပြီးမှ လာတာ … ကုန်ပြီလား”
“ရှိတာပေါ့ ဘဘရယ် … ဘဘအတွက် သမီးက ရှယ် ဖယ်ထားတာ”
“သမီးအဖေရော”
“အိမ်သာတက်နေတယ်နဲ့ တူတယ် … ဖေဖေရေ … ဒီမှာ ဘဘရောက်နေပြီ”
ကျွန်တော့် မိတ်ဆွေက ထွက်လာပြီး
“ဟေ့ကောင်ရာ နောက်ကျလိုက်တာ”
“အင်း … လူရှောင်ချင်လို့ကို နောက်ကျပြီးမှ လာတာပါကွာ”
“အင်း … မင်းကတော့ ဘယ်တော့မှ သောက်ချိုးပြောင်းမှာ မဟုတ်ဘူး”
ကျွန်တော့် မိတ်ဆွေအိမ်မှာ အလှူလုပ်တယ်။ သူက လာချင်တဲ့အချိန်လာဆိုလို့ ၁၁ နာရီမှ သွားတယ်။ လူတောင်မရှိတော့ဘူး။ သူ့မိသားစုနဲ့လည်း မတွေ့တာကြာပြီလေ။ ဒါကြောင့် အေးအေးဆေးဆေး ပြောရ ဆိုရအောင်ပေါ့။
ကျွန်တော့်ကို သမီးက ထမင်းတွေပြင်ပေးတယ်။
“ဘဘ … ဒါက ငါးပေါင်း … ငါးသလောက်မဟုတ်ဘူးဘဘ။ ငါးကြင်းပေါင်းထားတာ။ ဒီမှာ ကြက်သား … ဘဘ အဝစားရမယ်နော်”
“အေးပါ သမီးရယ်”
ကျွန်တော် ထမင်းစားနေတုန်း သမီးက ယပ်လာခတ်ပေးနေတယ်
“သမီး ကျောင်းပြီးပြီဆိုတော့ ဘာလုပ်မလဲ”
“ခုတော့ သင်တန်းပဲတက်နေတယ်”
“ဘာသင်တန်းလဲသမီး”
“အင်္ဂလိပ်စာသင်တန်း”
“ဟုတ်လား … သမီးအဖေက မသင်ပေးဘူးလား”
“ဖေဖေလား … သူ့စာနဲ့သူ ပတ်ချာလည်နေတာ”
“ဟေ့ကောင် … သမီးကို ဘာဖြစ်လို့ အင်္ဂလိပ်စာ မသင်ပေးတာလဲ”
“ငါက မင်းလို ကျောင်းဆရာမှ မဟုတ်တာကွာ … ဘယ်သင်တတ်မှာလဲ”
“သမီး အင်္ဂလိပ်စာ သင်တန်းတက်နေတာဆိုတော့ ဘယ်လိုသင်တန်းမျိုးလဲကွ”
“ဘာပြောတာလဲဘဘ”
“သြော် … အင်္ဂလိပ်စကားပြော သင်တာလား … အရေး အဖတ်သင်တာလား”
“အရေး အဖတ် အပြော အားလုံးပဲဘဘ”
“ဘာတွေ သင်သလဲကွာ”
သမီးငယ်က အခန်းထဲ ပြေးဝင်သွားပြီး စာရွက်တွေ တစ်ထပ်ကြီး ယူလာတယ်။
ကျောင်းဆရာဟောင်းဆိုတော့ စာသင်တယ်ဆိုတာကို သိပ်စိတ်ဝင်စားတာပဲ။ ဒါကြောင့် ခုခေတ် ကလေးတွေကို ဘာတွေ သင်နေသလဲ စပ်စုကြည့်ရတယ်။
သမီးလာပေးတဲ့ စာရွက်တွေကို တစ်ခုချင်းကြည့် လိုက်တော့ စိတ်ပျက်သွားတယ်။
“ဒါတွေကို ဘယ်လို သင်သလဲသမီး”
“ဒီလိုပဲ ဘဘ၊ စာရွက်တွေ ဝေပြီးတော့ ဆရာမက သင်တာပဲ။ သမီးတို့ လိုက်ဖတ်ရတယ်။ လိုက်ဆိုရတယ်”
ကျွန်တော်က စာရွက်တွေထဲကို မွှေနှောက်ပြီးတော့ ကျွန်တော့် ဖုန်းလေးကို ထုတ်လိုက်တယ်။ ဖုန်းထဲမှာ ရှာဖွေပြီးတော့
“လာသမီး … သမီး စာရွက်ကိုင်ထား။ လိုက်နားထောင်ကြည့်”
ကျွန်တော်က ဖုန်းထဲက အသံဖိုင်တစ်ဖိုင်ကို ဖွင့်ပြလိုက်တယ်
“ဟာ … ဒါ သမီးတို့ကို သင်နေတဲ့ စာတွေပဲ”
“အေးလေ … အဲဒီ အသံဖိုင်တွေက အင်တာနက်ထဲမှာ အများကြီး … သမီးတို့ကို ဖွင့်မပြဘူးလား”
“ဟင့်အင်း … သမီးတို့ ဒီလိုပဲ စာရွက်ထဲကအတိုင်း လိုက်ဖတ် … လိုက်ပြောနေကြတာ”
“ကက်ဆက်လေး … အော်ဒီယိုလေး ဘာမှ မဖွင့်ဘူးပေါ့”
“ဟင့်အင်း”
ကျွန်တော် အရမ်းစိတ်ပျက်သွားတယ်။
ဒီခေတ်ကလေးတွေက ခေါက်ရိုးကျိုးနေပြီ။ ဘာကိုပဲ သင်သင်၊ လေ့လာသည်ဖြစ်စေ ဆရာပါမှဆိုတာ စိတ်ထဲမှာကို စွဲနေကြတော့တာပဲ။
အင်တာနက်ခေတ်ထဲမှာ အားလုံးကို လေ့လာလို့ရတယ်၊ ကိုယ်တိုင်သင်ယူလို့ ရတယ်ဆိုတာ သိကို မသိကြတော့ဘူး။ သိအောင်လည်း လမ်းမညွှန်နိုင်တဲ့ ခေတ်၊ စနစ်ကို ဖြတ်သန်းနေကြရတာလေ။
ပညာရေးစနစ်ဆိုးရဲ့ အားကိုးရှာတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ကိုယ်ကိုယ် အားထုတ်လိုစိတ်တွေ၊ ဖောက်ထွက်ချင်တာတွေ၊ လှမ်းတက်ချင်တာတွေ မလုပ်တော့ဘူး။ အရာရာကို ခွံ့ကျွေးတာလောက်ပဲ စားနေတတ်တာအပြင် ငါးကျွေးရင် အရိုးထွင်ပေးနေလို့ ငါးကို ကိုယ်တိုင်တောင် မစားတတ်တော့ဘူး။
အားကိုးရှာတယ်ဆိုတာ သိလား မင်းတို့ချည်း ဘယ်တော့မှ ရပ်တည်လို့ မရဘူး။ ကယ်တင်ရှင် လိုတယ်။ မင်းတို့ဟာ ငါတို့သာမရှိရင် ချောက်ထဲကျသွားမယ်။ ငါတို့လို ကယ်တင်ရှင်တွေ ရှိနေလို့ မင်းတို့ ရပ်တည် နေနိုင်တာဆိုတဲ့ အလေ့အထတွေကို မြန်မာ့ပညာရေးထဲမှာ ရိုက်သွင်းထားတာ နှစ်ပေါင်းများစွာ။
“ဘဘ … အဲဒီ အသံဖိုင်တွေကို ဘယ်က ရတာလဲ”
“သမီးရေ … အဲဒါတွေက BBC နဲ့ VOA မှာ တောက်လျှောက် အသံလွှင့်နေတဲ့ သင်ခန်းစာတွေကွ”
“ဟာ … ဒီလို နားထောင်ရရင် ပိုကောင်းတာပေါ့”
“သမီးမှာ ဖုန်းမရှိဘူးလား”
“ရှိတာပေါ့ဘဘ”
“နားကြပ်ရော မရှိဘူးလား”
“ရှိတယ်လေ သမီး သီချင်း အမြဲ နားထောင်နေတာ”
“သမီး ဖုန်းထဲက memory ကတ်က ဘယ်လောက်လဲ”
“ဘာပြောတာလဲ ဘဘ”
“သမီးဖုန်းထဲမှာ memory ကတ်အပို မရှိဘူးလား”
“မသိဘူး ဘဘ”
ကိုင်း ကောင်းကြပါရော။ ကျွန်တော်က သူ့ဖုန်းကိုယူပြီး စစ်ကြည့်တော့ ကတ်မရှိဘူး။
“သမီးရေ … ကတ်လေးတစ်ကတ်ဝယ်ထည့်။ 32 GB လောက်ထည့်လိုက်။ ဘဘဆီမှာ ဖိုင်တွေ အများကြီးပဲ ရှိတယ်။ အဲဒီ တစ်ကတ်လောက်မှ နှစ်သောင်း မကျော်ဘူး။ ခုသမီးတက်နေတဲ့ သင်တန်းက တစ်လ ဘယ်လောက်ပေးနေရသလဲ”
“တစ်လ ငါးသောင်းဘဘ”
“သမီးရယ် နှမြောလိုက်တာ။ ကိုင်တိုင်ဖွင့်နားထောင် လိုက်ဖတ်နိုင်အောင် အဲဒီစာအုပ်တွေလည်း အပြင်မှာ ဝယ်လို့ရတယ်။ တစ်အုပ်မှ တစ်ထောင်လောက်ပဲရှိတယ်”
“သမီး မသိဘူးဘဘရယ် … အဲဒီလို လေ့လာနိုင်တယ်ဆိုတာ …
photo : facebook