နဖူးစာ

in #esteemapp7 years ago

image

နဖူးစာ

အိမ်ခန်းခတွေက ဈေးကြီးသည်။ အိမ်ငှားဖြင့် နေထိုင်ရမည်ဖြစ်သဖြင့် အိမ်ခန်းလိုက်ရှာသည်။ တစ်လ နှစ်သောင်းဆိုသည်မှာ အနည်းဆုံးဖြစ်သဖြင့် ဘုန်းကြီးကျောင်းကိုပင် အားကိုးနေရသည်။ ရသည့်လခက တစ်လမှ ၁၂၀၀ ကျပ်၊ တစ်ယောက်တည်းပင် မနည်းရပ်တည်နေရသည့်ဘဝ။ ဘုန်းကျောင်းကြီးကျောင်းတွင် လည်း မလွတ်လပ်။ မနက် ၄ နာရီလောက် အိပ်ရာက ထရသည်။ ဘုန်းကြီးကြည်ဖြူအောင် အနည်းဆုံး ကြမ်းတိုက်၊ တံမြက်လှည်းလေးလောက်တော့ လုပ်ပေးရသည်။ ကျောင်းတွင် လူများလာလျှင် မည်သည့် နေရာတွင် သွားနေရမှန်းမသိ။

တစ်နေ့တွင် တပည့်တစ်ယောက်က

“ဆရာ … အိမ်ငှားဖို့ရှာနေတယ်ဆို”

“အေးကွယ် … အိမ်ခန်းဈေးတွေကကြီးတော့ ငှားနေဖို့လည်း မတတ်နိုင်ဘူးကွယ်”

“ဆရာ … ကျွန်မဦးလေးတိုက်မှာ လူမရှိဘူးဆရာ။ အဲဒါ ဆရာနေချင်ရင် ပြောပေးမယ်”

“သမီးဦးလေးက ဘယ်သွားလို့လဲ”

“သေသွားလို့”

တော်ပြီ လူသေထားသည့်တိုက်တွင် မနေချင်။

“နေပါစေကွယ်” ဟုပြောလိုက်သည်။ သို့သော် တပည့်မလေးက

“ဆရာ … တိုက်က လူမနေတော့ ပစ်ထားတာကြာပါပြီ။ သမီး အဖေက ဆရာ့ကို နေမယ်ဆိုရင် တစ်ပြားမှာ မယူပါဘူးတဲ့။ အိမ်စောင့်အနေနဲ့ နေပေးရင် ရပါပြီဆိုလို့ပါ”

“ဒါနဲ့ သမီးဦးလေးက ဘာဖြစ်လို့ သေသွားတာလဲ”

“သူက ကားတိုက်ပြီး ဆုံးသွားတာဆရာ”

“မိသားစုရောမရှိဘူးလား”

“သူရော၊ သူ့မိန်းမရော၊ သူတို့ သမီးလေးပါ သုံးယောက်စလုံး ကားတိုက်ပြီး ဆုံးသွားတာဆရာ”

“ဘယ်လောက်ကြာပြီလဲ”

“သုံးနှစ်လောက်ရှိပြီ”

ကျွန်တော်က တပည့်မလေး၏ ဖခင်နှင့်အတူ တိုက်ကိုလာကြည့်မိသည်။ ခြံကျယ်ကြီးတစ်ခုထဲရှိ တစ်ထပ်တိုက် လေးတစ်လုံးဖြစ်သည်။

“ဆရာ အိမ်က အမွေဆိုင်ဆိုတော့ ရောင်းမထွက်မချင်း ဆရာ လွတ်လပ်စွာ နေနိုင်ပါတယ်”

“ခင်ဗျားတို့ ဘာကြောင့် ငှားမစားတာလဲ”

“ငှားတာပဲဆရာ … ခြံရှေ့မှာ ဆိုင်းဘုတ်တောင် ချိတ်ထားသေးတယ်။ ဘယ်သူ လာဖြုတ်သွားလို့လဲ မသိဘူး။ သမီးကပြောတယ်။ ဆရာလည်း နေစရာမရှိဘူးဆိုလို့”

“နေစရာမရှိတာတော့ မှန်တယ်ဗျာ။ ဒါပေမဲ့ ပိုက်ဆံမရှိလို့ မတတ်နိုင်ပါဘူး”

“ဆရာရယ် … တစ်ပြားမှ ပေးစရာ မလိုပါဘူး။ ကျွန်တော်တို့လည်း ဒီအတိုင်း ထားရမယ့် အတူတူ နေနိုင်ပါ တယ်။ ဆရာ ဒါနဲ့ မိသားစုပါ နေမှာလား”

“ကျွန်တော်က အိမ်ထောင်မရှိပါဘူး။ တစ်ယောက်တည်း နေမှာပါ”

“ဟာ … ဒါဆိုရင် ပိုကောင်းတာပေါ့”

ဤသို့ဖြင့် တပည့်မလေးကျေးဇူးကြောင့် ကျွန်တော် တိုက်အိမ်တွင် နေထိုင်ခွင့်ရခဲ့သည်။ ပတ်ဝန်းကျင်ကိုလည်း စုံစမ်းရသေးသည်။ ဤတိုက်တွင် သရဲချောက်သလားပေါ့။ သို့သော် မည်သူကမှမသိဟုပြောကြသည်။

တစ်ယောက်တည်းသမားဖြစ်သောကြောင့် ဧည့်ခန်းထဲတွင်သာ ရှင်းလင်းပြီး ကုတင်တစ်လုံးနှင့် နေရသည်။ အိပ်ခန်း နှစ်ခန်းထဲသို့ မလိုအပ်သော ပစ္စည်းများ၊ ပရိဘောဂများထည့်ကာ သော့ပိတ်ပေးထားလိုက်သည်။ ဧည့်ခန်းထဲတွင် ကုတင်တစ်လုံး၊ စားပွဲကုလားထိုင်တစ်လုံး၊ ပက်လက် ကုလားထိုင်တစ်လုံးပဲထားလိုက်သည်။ ကျောင်းသားတွေက လာပြီးကူညီကာ ရှင်းလင်းပေးကြသည်။ ကျွန်တော်က ရှင်းရှင်းလင်းလင်းပဲကြိုက်သည်။

မီးဖိုခန်းကတော့ ကျွန်တော် အသုံးပြုရမည်။ ကိုယ်တိုင်ချက်စားရမည်။ အိုးခွက် ပန်းကန်တွေကလည်း အသင့် ဖြစ်သည်။
စိတ်ချမ်းသာစွာဖြင့် အေးဆေးစွာ နေထိုင်ရတော့မည်ကို ကြည်နူးနေမိသည်။

image

ပထမဆုံးည

ကျွန်တော်က စားပွဲပေါ်တွင် ထိုင်ပြီး စာရေးနေမိသည်။ မီးဖိုချောင်ထဲတွင်

“ကလောက် … ကလောက် … ကလောက်”
ဘာလဲဟုထသွားပြီကြည့်သည်။ ဘာမှမတွေ့။ ပြန်လာသည်။ စာဆက်ရေးနေမိသည်။

“တောက် … တောက် … တောက်”

ကျွန်တော် စာရေးသည်ကို ရပ်ပြီး ငြိမ်သက်ကာ နားထောင်နေမိသည်။ အသံကဆက်မြည်နေသည်။

“ကလောက် … ကလောက် … ကလောက်”

ကျွန်တော်သည် ကြောက်တတ်သူတော့ မဟုတ်။ သို့သော် တိတ်ဆိတ်သည့် ညအချိန်တွင် အသံတွေကြား နေရသည်မှာ စိတ်ထဲကို မရိုးမရွဖြစ်စေသည်။ အသာလေးထပြီး အခန်းတွေထဲကလား ကပ်ပြီး နားထောင် ကြည့်သည်။ မဟုတ်။ မီးဖိုချောင်ထဲကဖြစ်သည်။

ကျွန်တော် ခြေထောက်ကို ဖော့နင်းပြီး မီးဖိုချောင် မီးခလုတ်ကိုဖွင့်လိုက်သည်။ ဘာမှမရှိ

“ကြွက်တွေ သောင်းကျန်းလှချည်လား”

ကျွန်တော် ဧည့်ခန်းကို ပြန်လာသည်။ စာဆက်မရေးချင်တော့သဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ မျက်လုံးတွေ စင်းလာပြီး အိပ်ချင်သဖြင့် မီးမှိတ်လိုက်ပြီး အိပ်ရာဝင်ခဲ့သည်။

အိပ်မည်လုပ်မှ ခြင်ထောင်ကြိုးက ပြတ်ကျသည်။ ကျွန်တော်ကထပြီး မီးဖွင့် ခြင်ထောင်ကြိုးကို ပြန်ချည်ရသည်။ မီးပြန်ပိတ် ခြင်ထောင်ထဲဝင်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။ ခြင်ထောင်ကြိုး ပြတ်ပြန်ပြီ။ မီးထဖွင့်ပြီး ကြိုး ပြန်ချည်သည်။ ကြိုးလေးချောင်းစလုံးလိုက်စစ်ပြီး သေချာမှ မီးပိတ်ကာ ခြင်ထောင်ထဲဝင်သည်။

တစ်နေ့လုံး အိမ်သန့်ရှင်းရေးလုပ်ထားရသဖြင့် ပင်ပန်းလွန်းသောကြောင့် အိပ်ပျော်သွားသည်။ မိုးလင်းတော့ အိပ်ရာကနိုးသည်။ ခေါင်းအုံးမရှိ။ ဘေးတွင် ခေါက်ထားသည့် စောင်လည်းမရှိ။ ကျွန်တော် တစ်ညလုံး ဒီအတိုင်း အိပ်နေမိခြင်းဖြစ်သည်။ ခေါင်းအုံးနှင့်စောင် ဘယ်ကိုရောက်သနည်း။ ကျွန်တော် ခြင်ထောင်ကို လှန်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်။ ခေါင်းအုံးနှင့် စောင်က ကုတင်အောက်ကို ရောက်နေသည်။
photo : facebook

image

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here