ဘယ္လိုလုပ္မလဲ

in #esteem7 years ago (edited)

image

တစ်ချိန်တုန်းက ဂျပန်နိုင်ငံမှာ ကြွက်စီကြွက်စီ ဆူညံသွားခဲ့ရတဲ့ အမှုလေးတစ်ခုအကြောင်း ပြောချင်ပါသေးတယ်။ ဘာမဟုတ်တဲ့ အမှုအသေးအဖွဲလေးကြောင့် ကြီးမားတဲ့ ဘဝသင်ခန်းစာတစ်ခုကို တွေ့မြင်ခဲ့ရလို့ အသည်းနှလုံးထဲမှာ စွဲမှတ်ထားခဲ့မိပါတယ်။

နွေဦး ညနေခင်းလေးမှာ တိုကျိုမြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဂျပန်မိသားစုတစ်ခု ညစာ လာစားကြပါတယ်။ အဖေအမေနဲ့ သားသမီးသုံးယောက်တို့ဟာ စားသောက်ဖွယ်တွေ တစ်ပွဲပြီးတစ်ပွဲ မှာရင်း ပျော်ပျော်ရွှင်ရွှင် စားကြသောက်ကြတယ်။ နောက်ဆုံးမှာထားတဲ့ စားသောက်ပွဲကို စားနေရင်း မိခင်က အလန့်တကြားအော်တယ်။

မိခင်ရဲ့ အော်သံကြောင့် စားသောက်ဆိုင်မန်နေဂျာ အပြေးအလွှားရောက်လာတော့ ဟင်းပွဲထဲမှာ ပိုးဟပ်အသေ တွေ့လို့တဲ့။ (ဂျပန်က ပိုးဟပ်တွေဟာ မြန်မာပြည်လို အကြီးကြီးမဟုတ်ဖူး။ အကောင်သေးသေးလေးတွေပါ။) ဒီလို ပေါ့လျော့ချွတ်ယွင်းချက်ရှိလို့ စားသုံးသူက မကျေမနပ် တိုင်ပြီဆိုရင် စားထားသမျှ ကျသင့်ငွေ မယူတော့ဘဲ ဆိုင်တာဝန်ရှိသူတွေ ဦးညွတ်ခါးကုန်းပြီး ခြေသလုံးဖက်မတတ် တောင်းပန်ရတာ ဂျပန်ထုံးစံပါပဲ။

ခုလည်းပဲ မန်နေဂျာက တောင်းပန်တဲ့အပြင် အဓိကတာဝန်ရှိသူဖြစ်တဲ့ စားဖိုမှူးကိုပါ ဆူပူကြိမ်းမောင်းပြီး သွားတောင်းပန်ခိုင်းတယ်။ စားဖိုမှူးက စည်းကမ်းကြီးပြီး အလုပ်တာဝန်ကို အင်မတန် ရိုသေလေးစားသူ ဖြစ်ပါတယ်။ အမြဲတမ်း စေ့စပ်သေချာအောင် လုပ်ကိုင်စီစဉ်တဲ့ကြားက ဘယ်လိုဖြစ်ပြီး ဟင်းထဲကို ပိုးဟပ်ပါသွားသလဲဆိုတာ သူက သိချင်တယ်။ (ဂျပန်တို့၊ အမေရိကားတို့လို ခေတ်မီနိုင်ငံတွေမှာ အခုလို မသန့်ရှင်းတဲ့ ကိစ္စဖြစ်ရင် အစိုးရကျန်းမာရေးဌာနက စားသောက်ဆိုင်လိုင်စင်ပိတ်တဲ့အထိ အရေးယူခံရနိုင်တဲ့ အမှုမို့ သိပ်ကြောက်ကြပါတယ်။)

ဆိုင်မှာတပ်ထားတဲ့ စီစီတီဗီ လုံခြုံရေးကင်မရာက ဗီဒီယိုမှတ်တမ်းကို စားဖိုမှူးက ပြန်ကြည့်လိုက်တဲ့အခါ အမျိုးသမီးဟာ ပိုက်ဆံအိတ်ထဲမှာ အသင့်ယူလာတဲ့ စက္ကူထုပ်ထဲက ပိုးဟပ်အသေကို ဟင်းထဲ သူကိုယ်တိုင်ထည့်လိုက်တာ တွေ့သွားတယ်။ စားသောက်ဆိုင်မှာ အလကားစားရအောင် ဉာဏ်ဆင်တာ ပေါ်သွားပြီဆိုတော့ စားဖိုမှူးနဲ့ မန်နေဂျာလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ရဲကိုတိုင်ပြီး အမှုဖွင့်တော့တာပေါ့။

အမှန်တော့ ဒီလိုအမှုမျိုးဟာ သာမန်အသေးအဖွဲမို့ ဒဏ်ငွေလောက်နဲ့ ပြီးတာပါပဲ။ တရားရုံးမှာ အမှုစစ်ဆေးတာလည်း အမျိုးသမီးတရားသူကြီးမို့ သက်သက်ညှာညှာ စီရင်ချက်ချလိမ့်မယ်လို့ပဲ ထင်ကြတယ်။ ဒါပေမယ့်၊ တရားခံဖြစ်သူ မိခင်ကို ထောင်ဒဏ် ၃ ရက် အပြစ်ပေးတဲ့အပြင် ဖခင်ကိုလည်း ကြံရာပါအဖြစ် ပြည်သူ့အကျိုးပြုလုပ်ငန်း နာရီ ၂၀ လုပ်အားပေးဖို့ စီရင်ချက်ချလိုက်တော့ အံ့အားသင့်ပြီး ပွဲဆူပါလေရော။

ဒဏ်ငွေလောက်နဲ့ ပြီးရမယ့်အမှုမျိုးမှာ သားသမီး ၃ ယောက်ရဲ့ အမေနဲ့အဖေကို ဒီလို အပြစ်ပေးတာ မတရားဘူးဆိုပြီး တရားသူကြီးအမျိုးသမီးကို ဝိုင်းပြီး အပြစ်တင် ဝေဖန်ကြတယ်။ တရားသူကြီးကိုယ်တိုင် သားသမီးရှိတဲ့ မိခင်တစ်ယောက်ဖြစ်လျက်သားနဲ့ ကိုယ်ချင်းစာစိတ်မရှိဘူးလို့ ကဲ့ရဲ့ကြတယ်။ ဂျပန်နိုင်ငံဟာ ယောက်ျားကြီးစိုးတဲ့ဝါဒ အနည်းနဲ့အများ ကျန်နေဆဲ ဖြစ်လို့ အမျိုးသမီးတရားသူကြီး ၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အမျိုးသားတရားသူကြီးတောင် ဒီလောက်အကြင်နာတရား မခေါင်းပါးဘူးလို့ ပြောကြတာပေါ့။

သတင်းဌာနတွေက မေးမြန်းတဲ့အခါ တရားသူကြီး ဖြေသွားတာကတော့ သူတို့ မိသားစုဟာ အရင်ကလည်း ဒီနည်းနဲ့ပဲ စားသောက်ဆိုင်တွေကို လိမ်ညာလှည့်ဖြားပြီး အလကားစားခဲ့တာ လေးငါးကြိမ် ရှိခဲ့ကြောင်း အမှုကို ကြားနာစစ်ဆေးရင်း ပေါ်ပေါက်ခဲ့တယ်၊ မိခင်ဟာ သားသမီး သုံးယောက်ကို မကောင်းမှု ရှောင်ကြဉ်ဖို့ ပဲ့ပြင်ဆုံးမရမယ့် အရေးကြီးတဲ့တာဝန်ကို လျစ်လျူရှုတဲ့အပြင် ကလေးတွေ ရှေ့မှာ သူကိုယ်တိုင်က နည်းပေးလမ်းပြ လိမ်လည်မှု ကျူးလွန်ခဲ့တယ်။ ဖခင်ကလည်း မတားမြစ်ဘဲ အလိုတူအလိုပါ အားပေးခဲ့တယ်။

ဒါကြောင့် ဒီလို အပြစ်ဒဏ်ပေးတာဟာ မိဘတွေကို နောင်ကြဉ်အောင် ဆုံးမရုံသာမကဘဲ သူတို့ရဲ့ သားသမီးတွေကိုပါ ကြီးပြင်းလာရင် ဒီလိုမျိုး မလုပ်မိအောင် ပညာပေးလိုက်တာလည်း ဖြစ်တယ်လို့ တရားသူကြီးက ရှင်းပြလိုက်တဲ့အခါ ဝေဖန်သံတွေ မီးပုံကြီးရေဖျန်းလိုက်သလို ရှဲကနဲ ငြိမ်သွားတာပဲဗျာ။

ကျနော်တို့ မြန်မာစကားမှာ "လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ" ဆိုစကားရှိသလိုပဲ သားသမီးတွေ ဥပဒေလေးစားလိုက်နာအောင် မိဘတွေက သင်ကြားပေးရုံသာမကဘဲ ကိုယ်တိုင်လည်း သူတို့လေးတွေအတွက် စံနမူနာဖြစ်အောင် နေထိုင်ကြရမှာပါ။

ရှေးတုန်းက အင်မတန် ဆိုးသွမ်းသောင်းကျန်းတဲ့ သူခိုးဓားပြ လူဆိုးဗိုလ်ကြီးကို ဖမ်းမိပြီး ရှင်ဘုရင်က ကွပ်မျက်စေတဲ့အခါ မိခင်ကို နောက်ဆုံးစကား ပြောပါရစေလို့ အသနားခံတဲ့ ပုံဝတၳုကိုလည်း သိကြမှာပေါ့။ လက်ပြန်ကြိုးတုပ်ထားတဲ့ လူဆိုးဗိုလ်ကြီးက စကားပြောမလိုလိုနဲ့ မိခင်ရဲ့ နားနားကိုကပ်ပြီး နားရွက်ပြတ်အောင် သွားနဲ့ကိုက်လိုက်တော့ ဘုရင်လည်း အမျက်ပြင်းစွာထွက်ပြီး မေးမြန်းတယ်။ သူ ငယ်စဉ်မှာ မိခင်က မဆုံးမတဲ့အပြင် ခိုးတတ်ဝှက်တတ်အောင် သင်ပေးလို့ အခုလို လူဆိုးကြီးဘဝ ရောက်ပြီး သေဒဏ်သင့်ရတာကြောင့် မိခင်ကို စိတ်နာခဲ့ရကြောင်း လျှောက်တင်ခဲ့တဲ့ အဖြစ်သနစ်ကို မြန်မာတိုင်း ကြားဖူးပါတယ်။

အမေရိကားရောက် မြန်မာမိသားစုတွေမှာလည်း ဒီလိုကိစ္စမျိုးတွေ အများကြီးရှိတယ်။ အဝစား ဘူဖေးစားသောက်ဆိုင်တွေမှာ စားကြတဲ့အခါ ဆိုင်ထဲမှာ စားပိုးနင့်မတတ် စားရုံမကဘူး၊ စားကောင်းသောက်ဖွယ်တွေ၊ ဇွန်းခရင်း၊ လက်သုပ်ပဝါ၊ ဆော့စ်ပုလင်း၊ ဆားဘူး၊ ငရုတ်ကောင်းဘူးကအစ ရသလောက်အကုန် အိတ်ထဲထည့် ယူလာတာမျိုးတွေကို သားသမီးတွေ မြင်တော့ မနှစ်မျို့ဘူး။ မိဘမို့ မပြောသာလို့ ငြိမ်နေကြရတာပါ။

လမ်းကူးတဲ့အခါ လူကူးမျဉ်းကျားကမကူးဘဲ ကြုံတဲ့နေရာက ဖြတ်ကူးတော့ "Don't do jaywalking mom" လို့ သားသမီးတွေက မိဘကို စည်းကမ်းမဲ့ လမ်းမကူးဖို့ ပြောကြတယ်။ အသက်ပြည့်နေတဲ့ သားသမီးအတွက် လူကြီးလက်မှတ်မဝယ်ဘဲ အသက်လိမ်ပြောခိုင်းပြီး ကလေးလက်မှတ်နဲ့ ဝင်ခိုင်းတာကို မြန်မာလူငယ်လေးတွေ ရှက်တယ်။ ခိုးကူးပြီး ဖြန့်ဝေတဲ့ ရုပ်ရှင်တွေကို watch32 လို ဝက်ဘ်ဆိုက်မျိုးက ကြည့်တဲ့မိဘတွေကို အမေရိကားမှာ ကြီးပြင်းတဲ့ သားသမီးတွေက မကြိုက်ကြဘူး။

ကားမောင်းတဲ့အခါ လမ်းဆုံမှာ ကားရပ်ပေးရမယ့် stop sign မှာ မရပ်ရင် ကလေးတွေက အပြစ်တင်ကြတယ်။ မိဘက လက်လွတ်စပယ် အမှိုက်ပစ်ရင် သားသမီးတွေက ပြန်ကောက်တယ်။ မိဘတွေက တန်းမစီဘဲ ကြားဖြတ်ဖို့ ကြိုးစားရင် ကလေးတွေက လိုက်မလုပ်ဘဲ ဟိုးနောက်မှာ သွားတန်းစီတယ်။

နိုင်ငံခြားတိုင်းပြည်တွေကို ရောက်လာတဲ့ မြန်မာတွေအတွက် သားသမီးက မိဘကို ပြန်ပြီး စံနမူနာပြနေရသလို ပြောင်းပြန်တွေ ဖြစ်နေတာ မကြာခဏ တွေ့ရပါတယ်။

ဒါဟာ မိဘတွေ မြန်မာနိုင်ငံမှာ နေထိုင်စဉ်တုန်းက ပြုမူကျင့်ကြံပုံတွေ လွဲမှားနေတာကို အထင်အရှား ပြနေတာပဲ မဟုတ်ဖူးလား။

ကျနော်တို့ မြန်မာလူမျိုးတွေဟာ နိုင်ငံခြားရောက်တဲ့အခါရော ပြည်တွင်းမှာနေထိုင်စဉ်မှာပါ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။ စည်းမျဉ်းစည်းကမ်းကို ပြည်သူတွေ လေးစားလိုက်နာမှသာ တရားဥပဒေဘောင်ထဲမှာ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ သားသမီးတွေက ကိုယ့်ကိုကြည့်ပြီး ကိုယ့်လိုလိုက်လုပ်ကြမယ်ဆိုတာ သတိပြုထားရပါလိမ့်မယ်။

နောင်လာနောက်သား မျိုးဆက်သစ်လေးတွေကို မခိုးမဝှက်၊ မလိမ်မညာအောင် အခြေခံအပြုအမူလေးတွေကအစ သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အိမ်ရှေ့မှာ အလှူခံရောက်လာရင်တောင် "လူကြီးမရှိဘူး" လို့ လိမ်ခိုင်းတာ ထမင်းစားရေသောက်လို့ ထင်ကြပေမယ့် တကယ်တော့ ကလေးစိတ်ထဲမှာ လိမ်တတ်ညာတတ်အောင် သင်ပေးသလို ဖြစ်နေတာ သဘောမပေါက်ကြဘူး။

အခုလို သမိုင်းတွင်မယ့် ခေတ်ပြောင်းချိန်မှာ အရေးကြီးတဲ့ မဟာတာဝန်ကတော့ ကိုယ်တိုင်သာမက နောင်မျိုးဆက်တွေပါ ကိုယ့်ကို အတုယူပြီး စည်းကမ်းနဲ့ ဥပဒေကို လေးစားလိုက်နာအောင် လူကြီးတွေက စံနမူနာ ပြပေးရပါလိမ့်မယ်။ မြန်မာပြည်မှာ မိဘတွေကိုယ်တိုင် လာဘ်ပေးလာဘ်ယူကိစ္စတွေ လုပ်ရုံမကဘူး၊ သားသမီးတွေကိုလည်း ပေးတတ်ယူတတ်အောင် သင်ကြတာဟာ အဆိပ်ပင်ရေလောင်းသလိုပါ။ လာဘ်ပေးလာဘ်ယူဟာ ရာဇဝတ်ပြစ်မှု ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံမှာ လူအများစု မေ့နေသလိုတောင် ဖြစ်နေပါတယ်။

လူကြီးမိဘတွေက ကိုယ့်သားသမီးတွေ ချမ်းချမ်းသာသာ နေနိုင်အောင် ရသလောက် ဂွင်ဖန်ပြီး အိတ်ထဲထည့်တာမျိုးတွေ၊ လာဘ်စားတာမျိုးတွေ၊ ခိုးဝှက် ကဲ့ယူတာမျိုးတွေ မလုပ်သင့်တော့ဘူး။ ဒီလိုလုပ်လို့ ချမ်းသာလာတဲ့ ဥစ္စာဓနဟာ မိဘတွေ ဘယ်လိုရလာတယ်ဆိုတာ သားသမီးတွေက မပြောလည်း သိပါတယ်။ ဒါမျိုးကို အတုခိုးမှားပြီး သားသမီးတွေ လိုက်လုပ်မိရင် ရာဇဝတ်မှုနဲ့ ထောင်ကျသွားနိုင်တဲ့ ခေတ်သစ်တစ်ခုကို ရောက်နေပြီဆိုတာ ကျပ်ကျပ်သတိထားကြပါ။image

ကိုယ့်သားသမီးတွေကို လောကအလယ် တင့်တယ်စေချင်တဲ့ မေတ္တာစေတနာ တကယ်မှန်ကန်တယ်ဆိုရင် မတည်မြဲတဲ့ ငွေကြေးဥစ္စာထက် မြင့်မြတ်တဲ့အကျင့်သီလ၊ ကောင်းမွန်တဲ့ စာရိတ္တအမွေကိုသာ ထိုက်ထိုက်တန်တန် ပေးကြပါလို့ပဲ မြန်မာမိဘများကို ပန်ကြားလိုက်ရပါတယ်။image