တက္ကသိုလ် မပြီးလိုက်သော အောင်မြင်သူများ ========================== ==========================

in #esteem7 years ago

လူတိုင်း အောင်မြင်ချင်ကြသည်။ ချမ်းသာချင်ကြပါသည်။ ပညာတတ်လျှင် အောင်မြင်မည်ဆိုပြီး ပညာများကို ကြိုးစား သင်နေကြသူတွေ ရှိပါသည်။ ပညာသည် အခြေခံဖြစ်ပါသည်။ ပညာသည် အရေးကြီး သည်မှာ မှန်ပါသည်။ သို့သော် ပညာဆိုသည်မှာ ဘွဲ့ ဒီဂရီတွေရခြင်းဟု ထင်နေသူအများကို အစွဲကျွတ် စေချင်ပါသည်။ ပညာအရေးမကြီးမဟုတ်။ ပညာ အရေးကြီးပါသည်။ သို့သော် ပညာကို တက္ကသိုလ်၊ ကောလိပ်တွင် မရှာ။ ကိုယ်ပိုင်တီထွင် လေ့လာစူးစမ်းမှုများဖြင့် ပညာရှာပြီး ကြီးပွားချမ်းသာ အောင်မြင်သွားသူ သုံးဦး ရှိပါသည်။
image

ထိုသုံးဦးမှာ စတိဗ်ဂျော့၊ ဘီလ်ဂိတ်စ်နှင့် မာ့ခ် ဇူကာဘတ်တို့ ဖြစ်ပါသည်။ စတိဗ်ဂျော့ကတော့ ကွယ်လွန်သွားပြီ။ သို့သော် သူထူထောင်ခဲ့သော ပန်းသီး တစ်ကိုက်ပဲ့ (Apple) အမှတ်တံဆိပ်လေးကတော့ ယနေ့တိုင် ကမ္ဘာကျော်နေဆဲဖြစ်သည်။

Microsoft ကုမ္ပဏီကို ထူထောင်ခဲ့သူ ဘီလ်ဂိတ်စ်နှင့် ဆိုရှယ်ကွန်ရက် Facebook ကို ထူထောင်ခဲ့သူ မာ့ခ်ဇူကာဘတ်တို့ နှစ်ယောက်ကတော့ ယနေ့တိုင် ဆက်လက် လှုပ်ရှားနေဆဲဖြစ်သည်။ သူတို့နှစ်ဦးစလုံး ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ် သူဌေးစာရင်း ဝင်ကြသည်။ ဘီလ်ဂိတ်စ်က နံပါတ်တစ်၊ ဇူကာဘတ်က နံပါတ်ငါးအဆင့်တွင် ဖြစ်လာသည်။ စတိဗ်ဂျော့ကတော့ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီ။

စတိဗ်ဂျော့သည် မိဘက စွန့်ပစ်ခြင်းခံရပြီး မွေးစား မိဘများနှင့် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ ကျောင်းသား ဘဝကတည်းက သူလုပ်ချင်တာကို လုပ်လေ့ရှိသောကြောင့် ဆရာတွေနှင့် သိပ်ပြီး အဆင်မပြေသူ ဖြစ်သည်။ သို့သော် ထူးချွန်သူ ဖြစ်နေခြင်းကြောင့် အသက် ၁၃ နှစ် သားကတည်းက Hewlett Packard ကုမ္ပဏီက အီလက်ထရွန်နစ် ပရောဂျက်အတွက် လာရောက်ငှားခြင်း ခံရသည်။

၁၉၇၀ တွင် အထက်တန်း အောင်ပြီး တက္ကသိုလ် ဆက်တက်ရန် ဖြစ်လာသည်။ စတန်းဖို့ဒ် တက္ကသိုလ်တွင် တက်သည်။ သို့သော် အီလက်ထရွန်နစ် ကလပ်တွင် အချိန်ဖြုန်းနေသည်က များသည်။ အဆောင် မနေနိုင်သဖြင့် သူများ အခန်းတွင် ကပ်နေပြီး ကြမ်းပြင်တွင် အိပ်ခဲ့ရသည်။ ပိုက်ဆံ မရှိသဖြင့် Coke ပုလင်းများ စုဆောင်း ရောင်းချပြီး မုန့်ဝယ်စားရသည်။ နောက်ပိုင်း Reed College ကို ပြောင်းပြီး တက်သည်။ ၁၉၇၂ ခုနှစ်တွင် ကျောင်းဆက် မတက်တော့ဘဲ ကွန်ပျူတာ တီထွင်မှုတွင်သာ စိတ်ကို ဒုံးဒုံးချပြီး လုပ်ကိုင်ခဲ့သည်။ သူ့ကြောင့် Apple ကုမ္ပဏီဟူ၍ ကမ္ဘာတွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်။

ဘီလ်ဂိတ်စ်သည် ၁၉၇၃ ခုနှစ်တွင် အထက်တန်းကျောင်းအဆင့်ပြီးသည်။ SAT (Scholastic Aptitude Tests) စစ်ဆေးခြင်းတွင် အမှတ်ပေါင်း ၁၆၀ဝ ပေးထားသည့်အနက် ၁၅၉၀ ရသည်။ ဟားဗတ်ကောလိပ်ကို ဝင်ခွင့်ရသည်။ အစောပိုင်းက ဥပဒေပညာကို ယူသည်။ နောက်ပိုင်း သင်္ချာကို ပြောင်းသင်သည်။ ကွန်ပျူတာသိပ္ပံကို စိတ်ဝင်စားစွာဖြင့် ကောလိပ်နှစ်များတွင် လေ့လာ လိုက်စားသည်။

ဒုတိယနှစ် ရောက်သည်အထိ ကျောင်းကသင်နေသော ပညာရပ်များထက် ကျောင်းတွင် ထားပေးထားသော ကွန်ပျူတာများတွင် အချိန် ကုန်နေသည်က များသည်။ ပေါလ် အယ်လန်ဆိုသူနှင့်တွေ့ပြီး ကွန်ပျူတာနှင့် ဆော့ဖ်ဝဲတီထွင်ခြင်းကို ရူးသွပ်စွာ လုပ်ဆောင်တော့သည်။ သူ့အနေအထားက ကောလိပ်တွင် ဆက်တက်နေပါက သူဝါသနာပါသည့် ကွန်ပျူတာ ပညာကို ကောင်းစွာ မလုပ်ဆောင်နိုင်ဟု မြင်လာသည်။ ထို့ကြောင့် ဒုတိယနှစ် အရောက်မှာပင် ကျောင်းထွက်ပြီး သူ့ကိုယ်ပိုင်ကုမ္ပဏီ ထူထောင်ကာ ဆော့ဖ်ဝဲတီထွင်မှုကို စလုပ်သည်။ ထိုစဉ်က ကျောင်းထွက်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး သူပြောဖူးသည့် စကားလေး တစ်ခွန်းမှာ -

“တကယ်လို့ အဲဒါ (Microsoft) မအောင်မြင်ရင် ကျွန်တော် ကျောင်းပြန်တက်ကောင်း တက်မိမှာ။ ဒါကြောင့် အဲဒီအချိန်က ကျောင်းထွက်တယ်လို့တောင် မပြောဘဲ၊ ကျောင်းကနေ ခွင့်ယူထားတဲ့အနေနဲ့ အပြင်မှာ လုပ်ကိုင်နေခဲ့တာ”

သို့သော် သူကျောင်းကို ပြန်မသွားတော့။ ၁၉၇၅ ခုနှစ်ကတည်းက အောင်မြင်မှုတွေ စတင်ရရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နံပါတ်တစ် ဘီလျံနာ သူဌေးကြီး ဖြစ်ခဲ့ရသည်။ ယနေ့ သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၈၆ ဘီလီယံဖြစ်နေသည်။

မာ့ခ်ဇူကာဘတ်ဆိုသူ ကောင်လေးမှာ ၁၉၈၄ ခုနှစ်ဖွားဖြစ်သောကြောင့် သူ့အသက်က ယခုမှ ၃၃ နှစ်သာ ရှိသေးသည်။ ဘီလ်ဂိတ်စ်က ၆၂ နှစ်ဖြစ်ပြီး သူဌေးအဆင့်တစ် ဖြစ်နေချိန်တွင် သူက ၃၃ နှစ်နှင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ်ငါးအဆင့် ဖြစ်နေသည်။ မျိုးဆက်တို့၏ ကွာခြားချက်ကို လေ့လာပိုင်းဖြတ်နိုင်ပါသည်။

ဇူကာဘတ်သည် ကွန်ပျူတာကို အလယ်တန်း ကျောင်းသားအဆင့်လောက်ကတည်းက အသုံးပြုသည်။ ၁၉၉၀ ပြည့်နှစ်လောက်တွင် သူက Atari BASIC Programming ကို ရေးနေပြီဖြစ်သည်။ ဆော့ဖ်ဝဲရေးသမား ဒေးဗစ်နျူးမင်းထံတွင် တပည့်ခံပြီး သူဝါသနာ ပါသည့် ကွန်ပျူတာပညာကို စူးစိုက် လေ့လာသည်။ အထက်တန်းကျောင်းတွင် တက်နေကတည်းက အိမ်အနီးရှိ Mercy ကောလိပ်တွင် ကွန်ပျူတာ ပညာများကို သွားရောက် လေ့လာနေသည်။ အထက်တန်း ကျောင်းသားဘဝကတည်းက သူ့လမ်းကိုသူ ရွေးချယ်ထားပြီး ဖြစ်သည်။ Intelligent Media Group ကုမ္ပဏီတွင် ဝင်ရောက် အလုပ် လုပ်ကိုင်နေပြီး ကွန်ပျူတာကို ကောင်းစွာ အသုံးပြုကာ တီထွင်ဖန်တီးမှုများကို လုပ်ဆောင်နေပြီဖြစ်သည်။

အထက်တန်းကျောင်း အောင်ပြီးနောက် ဟားဗတ်တွင် ကျောင်းဆက်တက်သည်။ Facemash ဆိုသည့် ပရိုဂရမ်ကို ကိုယ်တိုင် တီထွင် ရေးသားခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် “Thefacebook” ဆိုသည့် အစီအစဉ်လေးကို စတင်ပြီး ကျောင်း၌ အသုံးပြုနိုင်ရန် အွန်လိုင်းပေါ် တင်လိုက်သည်။

ဇူကာဘတ်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ သူနေထိုင်သည့် ဟားဗတ်ကျောင်း အဆောင်ထဲမှ “Facebook” ကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ ချက်ချင်း ပေါက်သွားပြီး လူသိရှင်ကြား ဖြစ်သွားခဲ့ရသည်။ ၂၀ဝ၇ ခုနှစ်မှ Facebook ကို တရားဝင်လွှင့်တင်ကြောင်း ကြေညာနိုင်ခဲ့ပြီး ယခုအခါ သူပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၁ ဒသမ ၄ ဘီလီယံဖြစ်ကာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ငါးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ သူလည်း Facebook ကို အကောင်အထည်ဖော် ကြိုးပမ်းရင်းက ကျောင်းပြီးသည်အထိ ဆက်မတက်လိုက်ရဘဲ ကျောင်းထွက်ကာ ချမ်းသာအောင်မြင်သူ ဖြစ်လာခဲ့ရသည်။

သူတို့ အကြောင်းကို လေ့လာ သုံးသပ်ကြည့်လျှင် အောက်ပါအချက်များကို တွေ့ရှိရမည်ဖြစ်သည်။

အောင်မြင်ရန် ဘွဲ့မလို

ဘွဲ့ဒီဂရီကြီးက ကိုယ့်ဘဝကို အဆုံးအဖြတ် ပေးနိုင်သည်မဟုတ်၊ ကိုယ့်ဘဝကို ကိုယ်ကသာ အဆုံးအဖြတ် ပေးနိုင်သည်။ ထို့ကြောင့် ငါတော့ ဆယ်တန်းလည်း မအောင်၊ ဘွဲ့လည်း မရတော့ပါဘူးဆိုကာ စိတ်ပျက်နေရန်မဟုတ်။ ပညာဆိုသည်မှာ ကျောင်းမှာသာ ရှာနိုင်သည်မဟုတ်။ အထူးသဖြင့် အသက်မွေး ပညာရပ်များဆိုသည်မှာ ကိုယ်တိုင်စိတ်ပါ လေ့လာသင်ယူ ကြိုးစားမှ ရနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံ ဂုဏ်ထူးထွက်မှ၊ ဆေးတက္ကသိုလ် တက်ရမှသာ လူရာဝင်မည်ဟု ထင်ခြင်းက မှားပါသည်။ ဘွဲ့မရဘဲ မိမိဝါသနာ ပါသည့်အလုပ်ကို ကြိုးစားအားထုတ်၊ စွဲမြဲစွာလုပ်ခြင်းဖြင့်လည်း အောင်မြင်နိုင်ပါသည်။

စတိဗ်ဂျော့၊ ဂိတ်စ်နှင့် ဇူကာဘတ်တို့ သုံးယောက်စလုံး ကောလိပ်ကျောင်းကို ပြီးအောင် မတက်ခဲ့ကြပေ။ သို့သော် ကွန်ပျူတာနှင့် အိုင်တီ လောကတွင်တော့ သမိုင်းမှတ်တိုင် စိုက်ထူးနိုင်ခဲ့သူများ ဖြစ်သည်။ သူတို့သည် ကျောင်းတက်မှ၊ ဘွဲ့ရမှဆိုသည့် အစဉ်အလာ ဘောင်ထဲက အတွေးကို မတွေး။ ဖောက်ထွက်ပြီး တွေးခဲ့ကြသည်။ သူတို့ ဘာဖြစ်ချင်သည်ကို ကောင်းကောင်း သိသည်။ ဘာလုပ်သင့်သည်ကိုလည်း ကောင်းစွာ ဆုံးဖြတ်နိုင်ခဲ့သူများ ဖြစ်သည်။

ဘာလုပ်သင့်ကြောင်း ကောင်းစွာမြင်

သူတို့ အနာဂတ်သည် မရေရာ မှုန်ဝါးလွန်းလှသည်။ သို့သော် သူတို့သည် မှုန်ဝါးနေသော အတွင်းကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။ သူတို့သည် SMART ဖြစ်နေသူများပင်။ SMART ဆိုသည်မှာ (Specific, Measurable, Realistics, Time-bound) ကို အတိုကောက် ဆိုလိုခြင်းဖြစ်သည်။ တစ်နည်း ပြောရလျှင် သူတို့တွင် ပြတ်သားသော အတွေးအမြင် ရှိသည်။ သူတို့တိုင်းဆ ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။ လက်တွေ့ကျကျ သုံးသပ်နိုင်သည်။ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်သူများ ဖြစ်သည်။

ဇူကာဘတ်၏ Facebook အောင်မြင်ရခြင်းမှာ သူ့တီထွင်ထားမှုသည် ကမ္ဘာကြီးကို ပြောင်းလဲသွားနိုင်မည်ဖြစ်ကြောင်း ကြိုတင်မြင်ထားပြီး ဖြစ်နေသည်။ Facebook ဖြင့် တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများ အဆက်အသွယ်တွေ ပိုကောင်းလာမည်။ သူတို့ သိထားသမျှ ဝေမျှလာမည်ကို ကြိုတင် ခန့်မှန်းပြီးသား ဖြစ်နေသည်။ လူတွေ၏ စိတ်ဝင်စားမှုမှ သူမည်သည့် အကျိုးတရားများကို ဝန်ဆောင်မှု အနေနှင့် မည်မျှ ပြန်ရနိုင်ကြောင်း သူတွက်ဆထားပြီး ဖြစ်နေသည်။ ထို့ကြောင့် သူကျောင်းထွက်ခဲ့ရခြင်းမှာ သူ့အတွက် ထိုက်တန်လွန်းလှသည်။

လူငယ်များ အနေနှင့် ပန်းတိုင် မည်မျှ အရေးကြီးကြောင်း သူက သက်သေပြသွားသည်။ အကျိုးမရှိသည့် ကိစ္စများတွင် အချိန်ဖြုန်းနေမည့်အစား အကျိုး ရှိသည့်တစ်ခုခုကို တီထွင် ဖောက်ထွက်နိုင်လျှင် အကျိုးရလဒ် တစ်ခုခု ပိုင်ဆိုင်နိုင်ကြောင်းသူက နည်းပေး လမ်းပြ လုပ်သွားသည်။

သူတို့ အနေအထိုင်ကို စံပြုနိုင်သည်

ကမ္ဘာကျော် သူဌေးကြီး သုံးယောက်စလုံးတွင် တူညီသည့်စတိုင် တစ်ခုမှာ အဝတ်အစားကို ဂရုမစိုက်။ သင့်သလို နေထိုင်၊ ရိုးကုပ်စွာ ကြိုးစား အားထုတ်ကြခြင်းဖြစ်သည်။ ဂိတ်စ်ကလည်း သူဌေးသာ ဆိုသည် ရိုးရိုးလေး ဝတ်ပြီး ရိုးရိုးလေး နေထိုင်သည်။ စတိဗ်ဂျော့နှင့် ဇူကာဘတ် တစ်မျိုးတည်း ဝတ်သည်။ သူဌေးလေး ဇူကာဘတ်ကို ကြည့်လိုက်လျှင် မီးခိုးရောင် တီရှပ်လေးနှင့်သာဖြစ်သည်။ သူတို့ဘဝတွေက အောက်ခြေက တက်လာသူများ ဖြစ်သည်။ ဘဝမမေ့။ သူတို့ဘဝတွေကို လုပ်ဖော်ကိုင်ဖက်တွေနှင့်အတူ ထူထောင်ခဲ့သောကြောင့် အားလုံးနှင့်အတူ တစ်သားတည်းနေ၊ တစ်တန်းတည်း စားသောက် နေထိုင်တတ်ခြင်းမှာ ထူးခြားချက် ဖြစ်သည်။
image
အလုပ်အပေါ် အားစိုက် ဇွဲသန်

သူတို့ သုံးယောက်စလုံး တီထွင်မှုနှင့် သူတို့အလုပ်အပေါ် အားထည့်မှု လွန်ကဲကြသူများ ဖြစ်သည်။ ကိုယ့်အလုပ်အပေါ် ကိုယ်ချစ်မြတ်နိုးပြီး တန်ဖိုးထား လေးစားလွန်းသူများ ဖြစ်သောကြောင့် ဤမျှ အောင်မြင်လာကြရခြင်းလည်း ဖြစ်သည်။

တီထွင်သူ ဆိုသည်မှာ ငွေတစ်ခုတည်းအတွက်ကြောင့် ဖြစ်ချင်မှဖြစ်မည်။ ငွေက နောက်ပိုင်းမှ လိုက်လာခြင်းဖြစ်သည်။ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံရသည်မှာ အလုပ်အပေါ် ထားသည့် စိတ်စေတနာ ဖြစ်သည်။ သူတို့ အချိန် အကန့်အသတ်မရှိ အလုပ်တွေ လုပ်ခဲ့ကြသည်။ နာရီ ၂၀ လောက် လုပ်ကြသည်။ အခက်အခဲတွေ၊ ဖိအားတွေ၊ အဖျက်အမှောင့်တွေ များစွာ ကြုံတွေ့ခဲ့ကြရသည်။ သို့သော် သူတို့ စိတ်ဓာတ်မကျ။ ဇွဲမလျှော့ စိတ်မပျက်ဘဲ ဆက်လုပ်ကြသည်။ သူတို့ ဦးတည်ချက် ပန်းတိုင်ကို မရောက်ရောက်အောင် ဆက်လျှောက်ခဲ့ကြသူများ ဖြစ်သည်။

သူတို့ကိုယ်သူတို့ ယုံကြည်ကြသည်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးသည်။ မည်သည့် အနေအထား ရောက်နေသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ဆက်လုပ်နိုင်သည်။ သူတို့ ဘာမှန်းမသိ၊ ဈေးကွက် မရေရာသော ကွန်ပျူတာတွေ ဆော့ဖ်ဝဲတွေကို တီထွင်ခဲ့ကြသည်ဟု ထင်စရာရှိသည်။ သို့သော် သူတို့ တီထွင်မှုတွင် အနာဂတ်တွေ ရှိနေသည်။ ကွန်ပျူတာကို လူတိုင်း မကိုင်ပါဘူးဟု ဝေဖန်သူများ ရှိနေသည့်ကြားက တစ်နေ့တွင် တစ်အိမ်တစ်လုံး အနည်းဆုံး သုံးလာလိမ့်မည်ဆိုသည့် အနာဂတ်ကို မျှော်ကြည့်နိုင်စွမ်းများဖြင့် တီထွင်ခဲ့ကြသောကြောင့် သူတို့ အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။

Nassim Nicholas Taleb ဆိုသူပြောသွားသည့် စကားတစ်ခွန်းကို ရည်ညွှန်းချင်ပါသည်။
“စတိဗ်ဂျော့၊ ဘီလ်ဂိတ်စ်နဲ့ မာ့ခ် ဇူကာဘတ်တို့ ကောလိပ်ကျောင်း မပြီးသွားကြဘူး။ သူတို့က ကျောင်းသင်ပညာ ဆိုတာထက် သူတို့ လေ့လာသင်ယူချင်တာတွေကို လေ့လာ သင်ယူသွားခဲ့ကြတာ။ ကျွန်တော်က ကျွန်တော့်ကလေးတွေကို မင်းတို့ အမှတ် ကောင်းကောင်း မရလို့၊ အဆင့် မကောင်းလို့ စိုးရိမ်ပူပန်ခြင်း မရှိဖို့ သူတို့နဲ့ နှိုင်းယှဉ် ပြောပြတယ်။ ဘာဖြစ်ဖြစ် လေ့လာ သင်ယူမှုကို ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ပဲ လိုတယ်”

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by thetlinoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.