တရုတ်ပြည်လေ့လာရေးခရီးစဉ်မှာ မြင်ခဲ့တာလေးတွေ ပြောပြချင်သေးတယ်။ အစီအစဉ်ထဲမှာ မပါဘဲ လေ့လာကြည့်မိတာလေးတွေပါ။
တရုတ်ပြည် မြို့ကြီးတွေဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ၊ လေထုညစ်ညမ်းနေပြီ၊ ရာသီဥတုဖောက်ပြန်နေပြီ စသည်ဖြင့် ပြောကြတာတွေ ကြားဖူးတယ်။
တကယ်တော့ အဲလို မဟုတ်ပါဘူး။ လူဦးရေ ၂၇ သန်းနီးပါးရှိတဲ့ ပီကင်းမြို့ ပတ်ဝန်းကျင်မှာတော့ လေထုအရည်အသွေး လျော့ကျမှုတွေ တွေ့ရပါတယ်။ ပီကင်း မိုးကောင်းကင်ဟာ အမြဲ အုံ့မှိုင်းနေပါတယ်။ ပီးကင်းမြို့ဟာ ပြည်နယ်တခုစာ လူဦးရေတွေ စုပေါင်းနေထိုင်မှု၊ မော်တော်ယာဉ် များပြားမှုတွေကြောင့် မီးခိုးမြူဆိုင်းနေတာ အမှန်ပါပဲ။ ဒါပေမယ့် မြို့ထဲမှာ သန့်ရှင်းနေတာ တွေ့ရတယ်။ အထူးသဖြင့် လျှပ်စစ်ဖြန့်ဖြူးရေးမှာ မြေအောက်ကေဘယ်စနစ်သာ ကျင့်သုံးပါတယ်။ ဒါက တရုတ်ပြည်မြို့ပြအားလုံးမှာ ကျင့်သုံးတာပါ။ လျှပ်စစ်၊ ဖုန်း၊ အင်တာနက်၊ တီဗီ အားလုံး မြေအောက်ကေဘယ်စနစ်ကို သုံးထားပါတယ်။ နောက် လမ်းစနစ်တွေ ဖွံ့ဖြိုးလှပါတယ်။ မီးပွိုင့်ထက် ပတ်လမ်းဂုံးကျော်တံတားတွေ များပါတယ်။ မြို့ပြပို့ဆောင်ရေးမှာ လျှပ်စစ်ကားကို တွင်တွင်ကျယ်ကျယ် သုံးထားပါတယ်။ မြေအောက် ရထားလမ်း ကွန်ယက်ကြောင့် အပေါ်မှာ လမ်းကြပ်တ်ယ်ဆို ခပ်ရှားရှားပါ။ ပီကင်းစတားဟိုတယ်ကနေ ပီကင်းလေဆိပ်သို့ ၂ နာရီနီးပါးခရီးမှာ မီးပွိုင့် ၅ နေရာပဲ တွေ့ခဲ့ပါတယ်။
လမ်းတလျောက် လမ်းလယ် သစ်ပင်တန်း၊ အိမ်ရှေ့လမ်းသစ်ပင်တန်း နဲ့ စနစ်တကျ ရှိလှပါတယ်။ တရုတ်ပြည်ဟာ သဘာဝပတ်ဝန်းကျင်ကို အလေးထားလာတာလည်း တွေ့ရပါတယ်။ အစိုးရမြေနေရာတွေမှာ သစ်ပင်ဖုံးလွှမ်းမှု ၃၀% ကျော် ရေး ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။
တက္ကသိုလ်ကျောင်းဝန်းမြေနေရာတွေမှာ သစ်တောဖုံးလွှမ်း ၅၀% ကျော်အောင် ချန်ထားတာလည်း တွေ့ရပါတယ်။ သစ်ပင်ကိုတော့ အပင်ငယ်အသစ်စိုက်တာ မဟုတ်ဘဲ အပင်ကြီးတွေကို ရွေ့စိုက်တာ များပါတယ်။ အများဆုံး စိုက်ပျိုးတဲ့ အပင်ကတော့ ရေမနေ(ယမနေ) ပင်တွေ ဖြစ်ပါတယ်။ တရုတ်ပြည် နေရာအနှံ့မှာ စိုက်ပျိုးနေတာပါ။ မြန်မာပြည် မယ်ဇလီ၊ စိန်ပန်းလောက်နဲ့ ပြီးနေတာ မဟုဆ်ပါဘူး။ လမ်းဘေး ဝဲယာမှာလည်း အဖိုးတန်းသစ်ပင်တွေပဲ စိုက်ထားကြပါတယ်။
မဟာတံတိုင်းကို သွားတော့ မဟာတံတိုင်း နဲ့ အပြိုင် သစ်ပင်တံတိုင်း တည်ဆောက်နေတာလည်း မြင်ခဲ့ရပါတယ်။ ဒီသစ်ပင်တံတိုင်းမှာ ပိတောက်၊ ယမနေ အပင်ကြီးတွေကိုသာ စိုက်ထားပါတယ်။ စိတ်မကောင်းစရာ ပြောရမလား၊ စိတ်တိုစရာ ပြောရမလား၊ ရင်နာစရာ ဆိုရမလား မသဲကွဲတာကတော့ ဒီပိတောက်ပင်ကြီးတွေဟာ မြန်မာပြည်က သယ်ယူလာတာ ဖြစ်နေတာပါပဲ။
ကျွန်တော်တို့ဆီမှာ သစ်ပင်ကို တန်ဖိုးထားမှု နည်းပါကြသလို ရတဲ့ဈေးနဲ့ ရောင်းချနေမှုများသည် နောင်တချိန်မှာ ကြီးစွာသော နောင်တကို ပေးလိမ့်မယ်လို့ ဆိုချင်ပါတယ်။
ဂွမ်ဇီးပြည်နယ်မှာတော့ မြန်မာ့ကျွန်းပင်တွေကို အဖိုးတန်ရတနာတပါးအလား စိုက်ပျိုးထားတာ တွေ့ရပါတယ်။ ပျမ်းမျှလုံးပတ်ဟာ ၄ ပေ ကျော်တွေ ဖြစ်နေပါပြီ။ ဒီထဲမှာလည်း ရွေ့စိုက်အပင်တွေ တွေ့ရပါတယ်။ ကျွန်းပင်တွေကို ကိုင်းဖျားများ ဖြတ်ချထားပြီး ဒေါက်များဖြင့် ထိန်းထားကာ ဆေးသွင်းပေးနေတာလည်း မြင်ခဲ့ရပါတယ်။ တော်တော် ဖြောင့်စင်း၊ အရွယ်ညီညီ၊ အရပ်ညီညီတွေမို့ မြန်မာပြည် ကျွန်းစိုက်ခင်းတွေဆီက နှုတ်ယူလာတာတွေ ဖြစ်နိုင်ပါတယ်။ မေးကြည့်ပေမယ့် မဖြေတော့ မရခဲ့ပါဘူး။
နောက်မြို့ပြမြင်ကွင်းထဲမှာ လေးစားစရာက အမှိုက်ပစ်တဲ့ အလေအထပါ။ လမ်းဘေး တလျောက် အမှိုက်ပုံးများ အလုံအလောက် ချထားပေးထားတာ တွေ့ရပါတယ်။အမှိုက်ကို ပြန်သုံးနိုင်သော ပစ္စည်းများ (Recycle) နှင့် ပြန်မသုံးနိုင်သော ပစ္စည်းများ(Non-recycle) ဆိုပြီး အမျိုးအစား ၂ မျိုးခွဲပြီး စွန်ပစ်စေပါတယ်။ အမှိုက်ပုံးထဲထိ လိုက်ကြည့်မိတော့ ပလပ်စတစ်၊ သတ္ထုပစ္စည်းတွေကို ပြန်သုံးထဲမှာ တွေ့ရပြီး၊ အစားအသောက်အကြွင်းအကျန်များ၊ သစ်ရွက်၊ ဟင်းရွက် အမှိုက်များကို ပြန်မသုံးထဲမှာ တွေ့ရပါတယ်။
နောက်တချက်ကတော့ ဆေးလိပ်မသောက်ရ နေရာတွေ ကျယ်ကျယ်ပြန့်ပြန့် ပြဌာန်းထားမှု ဖြစ်ပါတယ်။ လမ်းဘေးမှာ ဆေးလိပ်သောက်လို့ ရပေမယ့် ကားမှတ်တိုင်မှာ ဆေးလိပ်မသောက်ရပါဘူး။ အများပြည်သူဆိုင်ရာ နေရာအားလုံးမှာ ဆေးလိပ်မသောက်ရပါဘူး။
တရုတ်ပြည်သူ တယောက်ချင်းအပေါ် သုံးသပ်ရရင်တော့ အရှေ့တိုင်းဓလေ့တွေ လျော့ပါးလာတာ တွေ့ရပါတယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေအောက်ကနေ လွတ်ရသမျှ လွတ်ချင်ကြတာ တွေ့ရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့အတူ ဓနဂုဏ်ကြွလာတာလည်း မြင်ရပါတယ်။
တရုတ်တွေအနေနဲ့ တိုင်းခြားဘာသာစကား ဘယ်လောက်ပဲ တတ်တတ် တရုတ်ဘာသာစကားဖြင့် ပြောဆိုရတာကို ဂုဏ်ယူတာ တွေ့ရပါတယ်။ နိုင်ငံခြားရေးဌာန တာဝန်ထမ်းသူတွေမှာ ပင်လျှင် ဘာသာပြန်တာဝန် မဟုတ်ပါက တရုတ်ဘာသာ စကားသာ ပြောဆိုကြပါတယ်။
အင်္ဂလိပ်စာ ညံ့လို့လား စူးစမ်းကြည့်ပါတယ်။ မဟုတ်ပါဘူး။ မိမိတို့ တရုတ်ဘာသာစကားကိုသာလျှင် နိုင်ငံခြားသားတွေ ပြောစေချင်ပါတယ်တဲ့။
ဒါဟာ ဇာတိဂုဏ်ပြသနေတာလျု့ မှတ်သားမိပါတယ်။
နောက် တရုတ်ကြီးရဲ့ အတွင်းစိတ်ကို စူးစမ်းကြည့်မိပါတယ်။ အာဆီယံနိုင်ငံများအားလုံးကို စုပေါင်းပြီး United SEANs (United South East Asian Nations) သဘောထား ခံယူထားကြပါတယ်။
ဒီထဲက တနိုင်ငံချင်းစီကိုတော့ ပြည်နယ်အဆင့်သာ သဘောထားတာ တွေ့ရပါတယ်။
မဟာတရုတ် အယူအဆအထိ ကျယ်ပြန့်လာနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ ပိုဂရုစိုက်ကြရပါမယ်။ သူများ ဥယာဉ် ရောင်စုံပန်းတို့ ပွင့်လန်းနေတာကို ငေးမောပြီး အလှတရားလို့ ခံစားနေရင်တော့ ၂၀၅၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံသည် တရုတ်ရဲ့ ပြည်နယ်အဆင့်သာ ဖြစ်ကျန်နေခဲ့ပါလိမ့်မယ်။ ပဏ္ဍာဆက်ပြည်နယ်အဖြစ် နေပျော်ရင်တော့ အဆွေတော်ကနေ အရှင်ကြီး ခေါ်ရပါလိမ့်မယ်လို့ သတိပေးရင်း တရုတ်ကြီးတွေနဲ့ အပြိုင်ငြင်းခဲ့တာတွေကို စာအုပ်ထုတ်နိုင်ဖို့ ကြိုးစားပါမယ်ဗျာ---။
ကျော်ဆွေ အကောင့်မှကူးယူသည်