ဖားရောင်းရန်ရှိသည်
မှားတာက အစကတည်းကမှားတာ
မှားမှာပေါ့ဗျာ ဘိုးခင်က စာမှ မတတ်တာ
ဒီမိုးဦးမှာ ဖားတွေက အရမ်းပေါသကိုး။ ဒါကြောင့် တစ်ည ဖားထွက်ရိုက်လိုက်တာ ဘိုးခင်တစ်ယောက် ပလိုင်းပြည့်အပြင် နောက်ထပ် တောင်းပြည့် ဖားတွေရခဲ့တယ်။
ကိုင်း … ဖားတွေက စားမကုန် ဖားရောင်းမှဖြစ်တော့မယ်။
ဖားရောင်းစရာ ရွာမှာ ဆိုင်မရှိတာကြောင့် ကိုယ့်ခြံရှေ့ ဆိုင်းဘုတ်လေးချိတ်မှ
ဘိုးခင်က စာမတတ်တော့ ရွာက ဘုန်းကြီးကို စာသွားရေးခိုင်းတယ်။ ပေယျာလကန် ရွာမှာကလည်း စာတတ်ပေတတ် အတော်လေး ရှားသကိုး။ ဘုန်းကြီးက ဘိုးခင်ယူလာတဲ့ သစ်သားပြားပေါ်မှာ ဘိုးခင် ပြောတဲ့အတိုင်း စာရေးပေးလိုက်တယ်။
“ဟဲ့ ဒကာ ငါဘာရေးပေးရမှာလဲ”
“နွေအောင်းဖားဆူဆူဖြိုးဖြိုးရောင်းရန်ရှိသည်” လို့ ရေးပေးတော် မူပါဘုရား
“အိမ်း အကုသိုလ်တော့ များသား … ဒါပေမဲ့ ဆရာရင်း ဒကာရင်းဆိုတော့ ရေးပေးရမှာပေါ့”
ဒီလိုနဲ့ ဆရာတော် ရေးပေးလိုက်တဲ့ ဆိုင်းဘုတ်ကို အိမ်ရှေ့မှာ ထုတ်ချိတ်။ ရွာထဲက လူတွေ ဝိုင်းဖတ်ပြီး ဟားကြတယ်။
“ဟေ့ ဆူဆူဖြိုးဖြိုးဖာဆိုတာ ဘယ်လိုဟာလဲကွာ ငါတို့ကို ပြစမ်းပါ။ တစ်ချီတစ်မောင်းလောက် အောင်း လိုက်ချင်လို့”
ဘိုးခင်က အိမ်ထဲကထွက်လာ
“ဖာ မဟုတ်ပါဘူးဗျ … ဖားပါ”
“မင်းအမေဂျီးဒေါ် (ကြီးတော်) ဒီမှာ လာဖတ်ကြည့် ဖဦးထုပ်ရေးချဖာပါဗျာ။ ဘယ်မှာလဲ ဝစ္စနှစ်လုံးပေါက်”
“သိဘူးလေဗျာ … ဆရာတော် ရေးပေးလိုက်တာ”
“မင်းက ဖားရောင်းမှာလား”
“ဟုတ်သလေ”
“တကယ်ဆိုရင် စာတန်းက ဒီလောက်ရှည်စရာ မလိုဘူးကွ”
“ဟုတ်ကဲ့ အမိန့်ရှိပါ”
“နွေအောင်းဖားရောင်းရန်ရှိသည်လောက်ဆိုရင် ရတာပဲ”
“ဟုတ်လား … အစ်ကိုတို့ပဲ ကောင်းအောင် ဖျက်ပေး ဖြည့်ပေးပါတော့”
ဒီလိုနဲ့ ဆရာတော်ရေးပေးလိုက်တဲ့ စာတန်းက
“နွေအောင်းဖားရောင်းရန်ရှိသည်” ဖြစ်သွားပြန်တယ်။
နောက်တစ်ယောက်က လာပြန်တယ်
“ဘိုးခင်”
“ခင်ဗျာ”
“ဖားဆိုတာ နွေအောင်းတာတွေ မိုးအောင်းတာတွေ မရှိဘူးကွ။ ဖားဆိုတာ ဖားပဲ။ ဒါကြောင့် ဖားရောင်းရန် ရှိသည်လောက်ဆိုရင်ရတယ်”
“သြော် … ဟုတ်လား ပြင်ပေးကြပါခင်ဗျာ”
ဒီလိုနဲ့ ဆိုင်းဘုတ်က
“ဖားရောင်းရန်ရှိသည်” ဖြစ်သွားပြန်တယ်
“ကိုဘိုးခင်”
“ဗျာ”
“ရှင့်နှယ်တော် ရှည်ရန်ကော”
“အလို”
“ဖားရောင်းတာများ ဖားဆိုတဲ့ တစ်လုံးလောက်နဲ့ လုံလောက်တယ်။ ဖားဆိုရင် ငါးမဟုတ်ဘူး။ ကြက်လည်း မဟုတ်ဘူး။ ရှင့်အိမ်မှာ ဖားဆိုရင် ဖားရောင်းဖို့ရှိတယ်ဆိုတာ အားလုံးသိတာပဲ”
“သြော် ဟုတ်သားပဲနော် … ဒါဆိုလည်း ဖား ဆိုပဲ ထားလိုက်ပါဗျာ”
ဘိုးခင်အိမ်ရှေ့က ဆိုင်းဘုတ်မှာ ဖားဆိုပြီး တစ်လုံးပဲ ဖြစ်သွားပြီ။
ဒီအချိန်မှာ အိမ်ရှေ့ကို သူကြီးကရောက်လာတယ်
“ဘိုးခင်”
“ဟုတ်ကဲ့”
“ဘာကြောင့် မင်းအိမ်ရှေ့မှာ ဖားဆိုပြီး ရေးထားသလဲကွ”
“မှန်ပါ ဖားရောင်းရန် ရှိသည့်အတွက် ဖားလို့ ရေးထားတာပါ”
“အလိုကွယ် မင်း အိမ်မှာ ဖားရှိတယ်ဆိုတာ ငါ ဟိုးကုန်းအတက်လောက်ကတည်းက အနံ့ရနေတာ။ ရေးထားစရာ လိုသလား။ ဖားဆိုတာ ရေးထားမှ သိတဲ့ကောင်တွေဆိုတာ အလကားကောင်တွေ။ တကယ် ဆိုရင် ရေးစရာ မလိုဘူးကွ။ ဖြုတ်ထားလိုက်။ အနံ့နဲ့သိတယ်”
ဘိုးခင်က ဆိုင်းဘုတ်ကိုဖြုတ်လိုက်တယ်။
ညနေအထိ ဖားလာဝယ်တာမရှိလို့ပုပ်
အဲဒါ ပေယျာလကန်က လူတွေရဲ့အလုပ်။
တင်ညွန့်
photo: facebook