ပေယျာလကန်တိုင်းပြည်မှာ သူခိုးကြီးတစ်ယောက်ရှိတယ်။ တကယ့်ကို စောရနက္ခတ်နဲ့ယှဉ်ပြီး မွေးလာတာ ဖြစ်လို့ ဖမ်းမမိပါဘူး။ ကိုယ်ပျောက်သူခိုးလို့လည်း နာမည်ကျော်တယ်။
တစ်နေ့တော့ သူခိုးကြီးက အသက်လည်းကြီးလာ ခိုးလည်းမခိုးနိုင်တော့ပါဘူး။ ခိုးအားတွေကျလာတော့ မိန်းမ ကလည်းနည်းနည်း ငြူစူချင်လာတယ်။ သားသမီးတွေကလည်း မလေးစားချင်တော့ဘူး။
photo from google
သားတစ်ယောက်က
“အဖေရယ် … အဖေက သေတော့မှာ … ဒါကြောင့် အဖေမသေခင် ခိုးနည်းလေးတွေ သင်ပေးခဲ့ပါဗျာ”
“သားရယ် သူခိုးခေတ်က သိပ်မရှိတော့ပါဘူး”
“ဘာဖြစ်ဖြစ်အဖေရယ် ခိုးစားတာ၊ လုပ်ကိုင်စားရတာထက်တော့ သက်သာပါတယ်”
“ခိုးစားရတာ သက်သာတယ် မထင်နဲ့သားရယ် … ဉာဏ်ရှိရတယ်”
“အဖေ့နှယ် … သူများဆီက ပစ္စည်းခိုးတာပဲ ဉာဏ်ရှိရမှာလား”
“သူခိုးဆိုတာ ဉာဏ်ကူမှ လွတ်တယ်”
“အဖေက ကိုယ်ပျောက်တယ်ဆို”
“ကိုယ်ပျောက်တယ်ဆိုတာ မရှိပါဘူးသားရယ်”
“ဘာဖြစ်ဖြစ်ဗျာ … ကျွန်တော့်ကို အဖေ့ခိုးနည်းလေးတော့ ပေးခဲ့ပါ”
“အေးလေ … ဒီည လိုက်ခဲ့ပေါ့”
ဒီလိုနဲ့ ညရောက်တော့ သူခိုး သားအဖ နန်းတော်ထဲ ဝင်ခိုးကြတယ်။ နန်းတော်ထဲက ဘဏ္ဍာတိုက်ထဲအထိ ရောက်လာပြီ။ အဖေဖြစ်သူက သားကို ဘဏ္ဍာတိုက်ထဲ ဝင်ခိုင်းတယ်။ သားကလည်း ဝင်သွားရော တံခါးကို ချက်ချပြီး
“သူခိုး … သူခိုး” လို့အော်ပြီး ထွက်ပြေးသွားတယ်။
ရက်စက်တဲ့အဖေပဲ။ သားကို တံခါးပိတ်ပြီး သူခိုးလို့အော်ပြေးရတယ်လို့။
ဒါပေမဲ့ ညဥ့်နက်တော့ သားက အိမ်ကို ပြန်ရောက်လာတယ်။
“အဖေရာ အတော်ရက်စက်တယ်။ ကျွန်တော့်ကို တံခါးပိတ်ပြီး သူခိုးလို့ အော်ပြေးရတယ်လို့”
“အေးလေ … မင်းအခု အဖမ်းခံရလို့လား။ အိမ်တောင် ပြန်ရောက်လာပြီး မဟုတ်လား”
“ကံကောင်းလို့ပေါ့။ ဉာဏ်ကူလို့ လွတ်လာတာ”
“အေး … ငါ့သား သူခိုးစာမေးပွဲအောင်သွားပြီ။ ဘုရင့်ဘဏ္ဍာတိုက်ကနေပြီးတော့တောင် ဉာဏ်သုံးပြီး လွတ်အောင် လုပ်နိုင်ပြီဆိုတော့ မင်းသူခိုးလုပ်စားလို့ ရသွားပြီ။ ငါအနားယူတော့မယ်”
ဒီလိုနဲ့ သူခိုးမျိုးဆက်တွေဟာ လက်ဆင့်ကမ်းပြီး လက်တွေ့ပညာပေးခဲ့ကြတာပဲဗျ။
ဒါကြောင့် နန်းတော်ထဲများ “သူခိုး … သူခိုး” အော်ပြီးတော့ ထွက်ပြေးတဲ့ကောင်းတွေများ သတိသာထားကြ ပေတော့။ ခေတ်အဆက်ဆက် အဲဒါ လေ့ကျင့်နေကြတာဗျ။ သူခိုးလက်မှတ်ရ လက်တွေ့သင်တန်းပေါ့။