"ကျွန်မဟာ ဆယ့်ခြောက်နှစ်လုံးလုံး အလွန်စိတ်ခြောက်ချားစရာကောင်းတဲ့ကမ္ဘာတစ်ခုထဲမှာ နေခဲ့ရပါတယ်။အဲ့ဒီကမ္ဘာဟာ ဝင်ရောက်လာတဲ့လူတွေ များပြားသလောက် ထွက်တဲ့လူ အလွန်နည်းပါးတဲ့ ကမ္ဘာပါ။ပြီးတော့လည်း လူတစ်ယောက်ဟာ အဲ့ဒီကမ္ဘာထဲကို ရောက်သွားပြီးရင် ပြန်တော့ထွက်လာနိုင်ပါတယ်။ဒါပေမယ့် သူဟာ အရှက်သိက္ခာကင်းမဲ့မှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေကို ရင်မှာပိုက်ပြီး ထွက်လာခဲ့ရတာပါ။ ဒီအချက်ဟာ ကျွန်မစာအုပ်ရဲ့အမြင့်ဆုံးသော `အနှစ်သာရ´ပါပဲ။"
လီလီယံရော့သ်
ဘဝက ရုပ်ရှင်မဟုတ်ဘူးတဲ့..
ဒါပေမယ့် ရုပ်ရှင်ထက်ပိုတဲ့ ဘဝမျိုးတွေတော့ တကယ်ပဲ ရှိကြတယ် မဟုတ်လား။
အဲ့ဒီလို ဘဝမျိုးကို တကယ်ပဲ ကြုံတွေ့ခဲ့သူက ရုပ်ရှင်နယ်ပယ်ထဲက မိန်းမချောလေးတစ်ယောက်ဆိုရင် ပိုပြီးတော့များ အံ့သြဖို့ ကောင်းသွားလေမလား..။
ဒါပေမယ့်..
တကယ်ပဲ ရုပ်ရှင်နယ်ပယ်ထဲက Lillian Rothဆိုတဲ့ မိန်းမချောလေးတစ်ယောက်ရဲ့ ဘဝဟာ ရုပ်ရှင်ထက်ပိုတဲ့ သူ့ဘဝအကြောင်းကိုပြောပြထားတဲ့ I'll Cry Tomorrowဆိုတဲ့ နာမည်နဲ့ စာရေးဆရာကြီးနှစ်ဦးက စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်။
ဆရာမောင်ထွန်းသူက ချစ်မျက်ရည်ဘယ်ခါစဲလေလိမ့်ဆိုတဲ့ နာမည်လှလှလေးပေးပြီး ဘာသာပြန်လိုက်တဲ့အခါ.....
လီလီယံရော့သ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဟာ ကံကြမ္မာက မျဉ်းဆွဲသတ်မှတ်ထားပြီးသားလို့များ ပြောရမလိုပါပဲ..။
အနုပညာအပေါ် ရူးသွပ်လွန်းကြတဲ့ အဖေနဲ့အမေက သူမအမေ့ဗိုက်ထဲမှာကတည်းက အနုပညာသည်ဘဝအတွက် အိမ်မက်မက်ခံအဖြစ်နဲ့ စတင်ခဲ့ရတယ်ဆိုရင် လွန်မယ်မထင်ပါဘူး..
၁၉၁၀ ဒီဇင်ဘာ၁၃ရက် သူမကို မွေးတော့ အဲ့ဒီခေတ်အဲ့ဒီအခါက သူတို့ အကြိုက်ဆုံး အဆိုတော် လီလီယံရပ်ဆဲလ်ရဲ့ နာမည်ကို ယူပြီး မှည်လိုက်တဲ့ နာမည်က လီလီယံရော့သ် တဲ့။
လီလီယံရဲ့ဘဝက ငယ်ကတည်းက အလုပ်လုပ်ရဖို့ ဖြစ်တည်လာခဲ့သလိုပါပဲ..။
ဒါကလည်း သူ့ဝါသနာအရ၊ဒါမှ မဟုတ် ဝင်ငွေအရ လုပ်ရတယ်လို့လည်း မဆိုသာဘူးလေ..။
မိဘတွေရဲ့ ကိုယ်တိုင်မဖြစ်တည်ခဲ့တဲ့ မျှော်လင့်ချက်အဖြစ် သားသမီးအပေါ် ပုံချပစ်လိုက်တဲ့ အိမ်မက်အပေါ် လမ်းထလျှောက်ခဲ့ရတာနဲ့ တူလွန်းလှလေရဲ့..။
ဒီလိုနဲ့ ၁၉၁၆ခုနှစ် သူမအသက်ခြောက်နှစ်လောက်ကစတင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေး လီလီယံရဲ့အနုပညာပိုးကလည်း ထကြွသောင်းကျန်းလာလိုက်တာ..
တဖြည်းဖြည်းနဲ့ ဘရော့ဝေးပြဇာတ်လောကထဲရောက် အဲ့ဒီကနေ ဟောလီးဝုဒ်ရဲ့ ရုပ်ရှင်လောကထဲလည်း ခြေဆန့်နဲ့.
ဒီကြားထဲ သူဆိုတဲ့ သီချင်းတွေကလည်း ထ ပေါက်လေတော့ လီလီယံရောသ့်ဆိုတဲ့ မိန်းကလေးရဲ့ အောင်မြင်မှုက တရှိန်ထိုးတက်လာလိုက်တာ အသက်နှစ်ဆယ် မပြည့်ခင်မှာပဲ အောင်မြင်ကျော်ကြားတဲ့ သန်းကြွယ်သူဌေး ဖြစ်နေခဲ့ပြီတဲ့...။
မွန်းလွှဲပိုင်းအချိန် နည်းနည်းလောက် ဖျော်ဖြေလိုက်ရုံနဲ့ ၁၉၃၀ ဝန်းကျင်ကတောင် သူ့အတွက် အနုပညာကြေးက ဒေါ်လာ ၃၅၀၀ လောက်ရနေပြီဆိုပဲ...။
လိုချင်တာရနေတဲ့ ဆယ်ကျော်သက် မိန်းမလှလေးရဲ့ ဘဝထဲ စတင်ဝင်ရောက်လာတာ ထုံးစံအတိုင်း အချစ်ပေါ့...။
ဒေးဗစ်ဆိုတဲ့ အချစ်ဦး..အရူးအမူးပေမယ့် ကံမကောင်းအကြောင်းမလှ ချိုမြိန်တဲ့ ဘဝကြားမှာ ခါးသီးခြင်းကို စတင်ပြီး ကြုံလိုက်ရတဲ့ လီလီယံရော့သ်.
ည,ညတွေဆို အိပ်မရရာက စတဲ့ ဆယ့်ခြောက်နှစ်လောက် တစ်ရက်မပျက်စွဲလမ်းပစ်ခဲ့တဲ့ အစွဲအလမ်းတစ်ခု..
ပြီးတော့
သန်းကြွယ်သူဌေးမလေးရဲ့ အိမ်ထောင်ရေး ခရီး..
ဒဏ်ရာ ဒဏ်ချက်တွေနဲ့ လောကဓံ...
မိခင် ဖခင်တို့ရဲ့ အိမ်မက်တွေရဲ့ နောက်ဆက်တွဲ အခြေအနေများ...
အသက် ငါးနှစ်အရွယ်လောက်က စခဲ့တဲ့ သရုပ်ဆောင်လောက...
သူကြုံတွေ့လိုက်ရတဲ့
လူ့လောက..
လူ့သဘာဝ..
လူ့ပတ်ဝန်းကျင်.....
ဘဝအကြောင်းကို ကောင်းကောင်းကြီး နောကျေခဲ့ရတဲ့ မိန်းမလှလေး တစ်ယောက်ရဲ့ဝတ္ထုဆန်ဆန်အတ္ထုပ္ပတ္တိ..
သို့မဟုတ်...
ဘဝရဲ့အချိန်ကောင်းတွေကို အောင်မြင်မှုရဲ့ လောကဓံကြားထဲ လက်ပစ်ကူးခဲ့ရတဲ့ ဘဝသမားတစ်ယောက်ရဲ့ အိမ်မက်ဆိုးများ..
သို့မဟုတ်...
ဟောလီိးဝုဒ် သရုပ်လောကထဲက ရုပ်ရှင်မင်းသမီးကြီး Lillian Roth ရဲ့အကြောင်းကို မိုက်ဒ်ကွန်နိုလ်နှင့်ဂျာရိုဖရန့်တို့ကရေးသားထားတဲ့ I'll Cry Tomorrow.
၁၉၅၄ခုနှစ်ရဲ့ ခရစ္စတိုဖာ စာပေဆုရ စာအုပ်တစ်အုပ်...
သို့မဟုတ်..
ဆရာမောင်ထွန်းသူက မြန်မာပရိတ်သတ်ဆီကို ပေါင်းကူးပေးလိုက်တဲ့ ချစ်မျက်ရည်ဘယ်ခါစဲလေလိမ့်...။
အသိတရားရဖွယ်..
သံဝေဂယူဖွယ်...
လေးစားလောက်ဖွယ် ဘဝတစ်ခုရဲ့ အတ္ထုပ္ပတ္တိစာအုပ် တစ်အုပ်ဖြစ်ပြီး ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ အကြောင်း ညွှန်းဆိုရင်း...
သူမရဲ့ ၁၆နှစ်တာ ခရီးကြမ်းနဲ့ ၁၆နှစ်တာမှာ တစ်ရက်မပြတ် စွဲလမ်းခဲ့ရတဲ့ အရာတစ်ခုအပေါ် ပေးဆပ်ရမှုတွေကို ဖတ်ရှု့ကြည့်ကြဖို့ တိုက်တွန်းပါရစေ..
၂၀၀၄ခုနှစ် ကံ့ကော်ဝတ်ရည်ရဲ့ ပထမအကြိမ် မူအတိုင်း
၂၀၁၇ ဖေဖော်ဝါရီလမှာ စိတ်ကူးချိုချိုကနေ ဒုတိယအကြိမ် ရိုက်နှိပ်ထားပြီး ရောင်းဈေး ၃၃၀၀နဲ့ စာမျက်နှာ ၃၀၇ မျက်နှာရှိပါတယ်။
I'm ATM.
(Review ရေးရုံနဲ့ မပြည့်စုံတဲ့ စာအုပ်ကောင်းတစ်အုပ်မို့ အမှားအယွင်းနဲ့ ချွတ်ယွင်းအားနည်းချက်များပါခဲ့သော် ကျွန်မ၏အားနည်းချက်သာ....)