"ဝိဘဇ္ဇလုပ်မိခြင်း"
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ သာဝတ္ထိပြည်မှာ ဆွမ်းခံကြွစဉ် ဒိဋ္ဌိအယူရှိတဲ့ အစေဠကဿ ဖ အမည်ရှိသော ပုဂ္ဂိုလ်က မြတ်စွာဘုရားကို မေးလျှောက်ပါတယ်|
၁။ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ မိမိပြုတာလား?
၂။ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ သူတပါးပြု တာလား?
၃။ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ မိမိ သူတပါး နှစ်ဦးသားပေါင်းလုပ်မိလို့ ဒုက္ခရောက်တာပါလား?
၎။သို့မဟုတ် ခန္ဓာငါးပါးဒုက္ခသစ္စာကြီးဟာ သူ့အလိုလို ရောက်လာတာလား? ဆိုပြီးတော့ မေးလာပါတယ်|
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက အစေဠကဿ ဖမေးတဲ့မေးခွန်း လေးခုလုံးကို ပယ်ချလိုက်ပါတယ်|
အစေဠကဿ ဖ မင်းမေးတဲ့မေးခွန်း လေးခုလုံးကြောင့် ဒုက္ခရောက်တာ တခုမှမဟုတ်ဘူးဟေ့ ဆိုပြီးပြောလိုက်ပါတယ်
ကျွန်တော်တို့ ဓမ္မမိတ်ဆွေတွေရော မြတ်စွာဘုရား ပြောလိုက်သော တခုမှမဟုတ်ဘူးဆိုတော့ ဒီခန္ဓာငါးပါးဒုက္ခသစ္စာကြီးဟာ
ဘယ်သူကလုပ်လို့ရပါသလဲ?
ဘယ်ဝါ့ကြောင့် ဒုက္ခရရတာပါလဲ?ဆိုတာကို အဖြေရှာကြည့်ကြရအောင်ပါခင်ဗျာ။
ကျွန်တော်နောက်ရက် အကြောင်းညီညွတ်ခဲ့ရင် ထပ်ပြီး တင်ပါအုံးမည်ခင်ဗျာ။
အာကာသသိမ်နှင့် ဆက်စပ်၍ မေးမြန်းထားသော
အရှင်မြတ်၏ မေးခွန်းကို ဖြေကြားလိုက်ပါသည်ဘုရား။
=============================
ရှေးဦးစွာ ချောက်မြို့၊ မဟာဝိဇိတာရုံ၊ ဆင်ဖြူကျွန်းဆရာတော်
ဘဒ္ဒန္တ ဉာဏိန္ဒ(အဂ္ဂမဟာပဏ္ဍိတ)နိုင်ငံတော်သံဃမဟာနာယက
အဖွဲ့ဝင်ဆရာတော်မထေရ်မြတ် ရေးသားတော်မူသော
"သိမ်နုတ် သိမ်သမုတ် နည်းမျိုးစုံကျမ်းမဟာ"မှ ကောက်နှုတ်
ဖြေကြားပါ့မည်ဘုရား။
ပြာသာဒ်ဆောင်၌ ဥပရိပါသာဒသိမ် သမုတ်ပုံ
••••••••••••••••••••••••••••••••••••••••
......... ဤ၌ ပြာသာဒ်ဟူသည် နှစ်ထပ် သုံးထပ်ရှိသော
ကျောင်းကို ဆိုလိုပေသည်။ထိုကျောင်းမျိုး၌ အပေါ်ထပ်တွင်
သမုတ်သောသိမ်ကို ဥပရိပါသာဒသိမ်ဟုခေါ်သည်။
ထိုသို့ ကျောင်းအပေါ်ထပ်၌ သိမ်သမုတ်ရာတွင် နံရံကို
နိမိတ်မကြားဘဲ နံရံအတွင်းဘက်က (၆) လက်မ,(၁)ပေ
စသည်ခွာ၍ အထက်ထပ်ကြမ်းပြင်ပေါ်၌ ကျောက်နိမိတ်ကိုထား၍
သမုတ်ရလေသည်။
အကယ်၍ နံရံအတွင်း၌ သံဃာ(၂၁)ပါး မနေလောက်လျှင်
ဆင်ဝင်၌ နိမိတ်တို့ကိုထား၍လည်း သမုတ်နိုင်၏။
ယင်းသို့ သမုတ်လျှင် အထက်ထပ်၌သာ သိမ်ဖြစ်၍
အောက်ထပ်သို့ သိမ်မသက်ပါ။
ထိုတွင် နံရံလေးဘက်အတွင်း၌ နိမိတ်ထား၍ သမုတ်ရာ၌
အောက်သို့ သိမ်သက်စရာမရှိဘဲ ဟင်းလင်းဖြစ်နေသောကြောင့်
အောက်သို့ မသက်ရောက်ခြင်းဖြစ်သည်။
ဆင်ဝင်၌ နိမိတ်ထား၍ သမုတ်ရာ၌ကား ကျောင်းနှင့်ဆင်ဝင်
ကြားတွင်ရှိသော နံရံသည် အောက်ထပ်နှင့်ဆက်နေသော်လည်း
ယင်း နံရံပေါ်၌ သံဃာ(၂၁)ပါး မနေလောက်သောကြောင့်
သိမ်မသက်ရောက်ခြင်းဖြစ်သည်။
နံရံ၏ အထက်ပိုင်းအရပ်ကား သီမဋ္ဌပင်ဖြစ်၏။
အကယ်၍ သိမ်သမုတ်မည့်နေရာ အောက်ထပ်၌ တိုင်များရှိ၍
ထိုတိုင်တို့၏ အပေါ်တွင် ထုပ်,လျှောက်တင်၍ ယင်း ထုပ်,
လျှောက်တို့နှင့် တစ်ဆက်တည်းပြုကာ အပေါ်ထပ်ကို
ဆောက်ထားအံ့။ ထိုသို့ ဆောက်ရာ၌ -
{၁} အောက်ထပ် နံရံတို့သည် အထက်ထပ်တွင် သမုတ်မည့်သိမ်၏
ကျောက်နိမိတ်အတွင်း၌ ရောက်ရှိနေခြင်း။
{၂} ထို အောက်ထပ် နံရံသည် လေးဘက်လေးတန်လုံး၌ရှိခြင်း။
{၃} ထို နံရံလေးဘက်၏ အတွင်းအရပ်သည် သံဃာ(၂၁)ပါး
စည်းဝေးလောက်ခြင်းအားဖြင့် အင်္ဂါသုံးပါးနှင့်ပြည့်စုံသော
အထက်အရပ်၌ သမုတ်အပ်သောသိမ်သည် အောက်ထပ်သို့
သက်ရောက်၍ အောက်ထပ်ပါ သိမ်ဖြစ်လေသည်။
ထိုသို့ သက်ရောက်ရာ၌ အောက်ထပ် နံရံပြင်ဘက်စွန်း
ရှိသလောက်သာ သိမ်သက်ရောက်သည်။
နံရံပြင်ဘက်စွန်း၏ အပြင်ဘက်သို့ တစ်ဆံခြည်ဖျားမျှပင်
သိမ် မသက်ရောက်ပေ။
အောက်ထပ်၌ တိုက်ကြီးတစ်တိုင် စသည်ဖြင့် ဆောက်အပ်သော
တစ်ပင်တိုင် ပြာသာဒ်ဆောင်မျိုး ဖြစ်အံ့။ ထိုတိုင်ပေါ်၌ သံဃာ
(၂၁)ပါး စည်းဝေးလောက်လျှင် အောက်ထက်သို့ သိမ်သက်သည်။
သံဃာ(၂၁)ပါး မစည်းဝေးလောက်လျှင် သိမ်မသက်ပါ။
"နိယျူဟက"ခေါ် ပြာသာဒ်နံရံ၏ အပြင်ဘက်သို့ ထုတ်ထားသော
ဆင်စွယ်ကောက် အဆောင်ငယ်၌ နိမိတ်ကို ချိတ်ဆွဲထား၍
သမုတ်အံ့၊ အထက်ထပ်တွင် သမုတ်အပ်သော သိမ်အတွင်းဘက်
ကျသော အောက်ထပ်နံရံ လေးဘက်တို့၌ အပေါ်ထပ် ထုပ်,
လျှောက်တို့နှင့် တစ်ဆက်တည်းဖြစ်၍ အောက်ထပ်၌ သံဃာ
(၂၁)ပါး စုဝေးလောက်အံ့၊ ထိုသို့ဖြစ်သော် အောက်ထပ်သို့
သိမ်သက်သည်။
သံဃာ(၂၁)ပါး မစုဝေးလောက်သော် သိမ်မသက်ပါ။
ဒုတိယအနေနဲ့ ဟင်္သာတမြို့ မိုးကောင်းဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ ( အဂ္ဂမဟာပဏ္ဌိတ/အဂ္ဂမဟာ
ဂန္တဝါစကပဏ္ဌိတ/အဘိဓဇမဟာရဋ္ဌဂုရု/ပိဋကတ္တယပါရဂူ/
ပဉ္စနိကာယဏ္ဏဝပိဋကတ္တယပါရဂူ/နိုင်ငံတော် သံဃမဟာ
နာယက ဒုတိယဥက္ကဋ္ဌဆရာတော်)မထေရ်မြတ် ရေးသား
တော်မူသော "ဂါမသီမာဒိဝိနိစ္ဆယ"ကျမ်းမှ ကောက်နှုတ်၍
ဖြေကြားပါ့မည်ဘုရား။
ဥပရိပါသာဒသိမ်
•••••••••••••••••••
သက်+တက် ဆိုရာ၌ သမုတ်စဉ်အခါက
ရဟန်း(၂၁)ပါး နေလောက်သည့် သိမ်ပမာဏရှိသော
နေရာရှိမှ သိမ် သက်နိုင်/တက်နိုင်၏။
သမုတ်ပြီးနောက်မှ ဖြစ်ပေါ်လာသော သီမဋ္ဌသိမ်ကား သိမ်ပေါ်ရှိ
သို့မဟုတ် သိမ်နှင့်ဆက်စပ်သော အဆောက်အအုံမှဖြစ်စေ
သစ်ပင်သစ်ကိုင်း စသည်မှဖြစ်စေ မူလဗဒ္ဓသိမ်နှင့် ထိစပ်သမျှ
သီမဋ္ဌဖြစ်တော့၏ ဟု မှတ်ပါ။
ဗဒ္ဓသီမာယ ဇာတံ ယံကိဉ္စိ ယတ္ထ ကတ္ထစိ၊
ဧကသမၺေႏၶန ဌိတံ သီမာသခ်ာၤေမဝ ဂစၧတိ။
(မဟာဝါ - ဋ္ဌ - ၃၂၇)ကိုထောက်။
အကယ်၍ သိမ်နုတ်ပြီး အဆောက်အအုံဆောက်အံ့၊
ထိုဆောက်ထား အဆောက်အအုံပေါ်၌ နံရံကို နိမိတ်မကြားဘဲ
နံရံအတွင်း၌သာ နိမိတ်ထားပြီး ကြား၍သမုတ်ပါက အောက်
မြေကြီးသို့ သိမ်မသက်ဘဲ အပေါ်ထပ်၌သာ သိမ်သက်ရောက်
သော ဥပရိပါသာဒ ဖြစ်တော့၏။
ထို ဥပရိပါသာဒသိမ်၌ အောက်သို့ မသက်နိုင်သလို နံရံကို
နိမိတ်မကြားခြင်း သိမ်ပမာဏလောက်သော (အထက်သို့
တက်စရာ)တိုင်မရှိခြင်းတို့ကြောင့် အထက်လည်း မတက်နိုင်
ဟု မှတ်ပြီး အောက်ပါ အမေး/အဖြေတို့ကို လေ့လာကြည့်ပါ။
(မေး) မြေအပြင်၌ သမုတ်သောသိမ်၊ အထက်ထပ်၌သာ
သမုတ်သောသိမ်တို့၌ သိမ်မနုတ်ဘဲ သမုတ်လျှင် ဖြစ်/မဖြစ်
စိစစ်ဝေဖန်ပြပါ။
(ဖြေ) သိမ်သမုတ်မည့် အောက်မြေအပြင်၌ ဗဒ္ဓသိမ်ဟောင်း
ရှိခဲ့သော် သီမာသမ္ဗေဒ/သီမာအဇ္စျောတ္ထရဏ ဖြစ်နိုင်သော
ကြောင့် သိမ်မနုတ်ဘဲ မသမုတ်သင့်ပါ။
{ရှင်းလင်းချက်} ဝိနယာလင်္ကာရဋီကာ၌ သိမ်နုတ်သော
ပုဂ္ဂိုလ်တို့အတွက် ရှိရမည့် အင်္ဂါ(၃)ချက်ကို ပြဆိုထား၏။
{၁} သိမ်ဟောင်းပေါ်၌ အနည်းဆုံး ရဟန်းလေးပါးစုဝေးမိခြင်း၊
{၂}သိမ်ဟောင်းကို နုတ်အံ့ဟူသော အာဘောဂရှိခြင်း၊
{၃}သိမ်နုတ် ကမ္မဝါစာကို ဖတ်ခြင်းတို့ ဖြစ်၏။
အင်္ဂါ(၃)ပါးနှင့်အညီ သိမ်နုတ်ပါမှ သိမ်ဟောင်းကျွတ်၏။
အင်္ဂါ တစ်ချက်ချက် ပျက်ကွက်လျှင် သိမ်ဟောင်းမကျွတ်ဘဲ
သိမ်ဟောင်းကို မနုတ်ဘဲ၊ နုတ်သည့်တိုင်အာင် သိမ်ဟောင်း
မကျွတ်ဘဲ အပေါ်က သိမ်သစ် ထပ်မံသမုတ်ပါက သီမာသမ္ဗေဒ/
သီမာအဇ္စျောတ္ထရဏ(စပ်+လွှမ်း)ဖြစ်ပြီး အသစ် သမုတ်သောသိမ်
မအောင်မြင်သောကြောင့် သိမ်မနုတ်ဘဲ မသမုတ်သင့်။
ဤနေရာ၌ သိမ်ပျက်/ဝိပ္ပတ္တိသိမ်ဆိုသည်မှာ သိမ်ဟောင်း
ပျက်သည်မဟုတ်၊ အသစ်သမုတ်သော သိမ်သာ ပျက်သော
ကြောင့် နောက် ဆောက်သော သိမ်ကျောင်းသိမ်တိုက်သည်
မကျွတ်သော ဗဒ္ဓသိမ်ဟောင်းပေါ်၌ တည်ခဲ့သော
နောက် ဆောက်သော အဆောက်အအုံတစ်ခုလုံး ဗဒ္ဓသီမဋ္ဌသိမ်
ဖြစ်သွား၍ ၎င်းအပေါ်၌ ကံဆောင်လျှင် ကံအောင်၏။
သို့သော် မပျက်သော ဗဒ္ဓသိမ်အဟောင်းသည်"ဘယ်က စတယ်၊
ဘယ်အထိ ရောက်တယ်"ဆိုတာကို မသိရသည့်အတွက်ကြောင့်
"ဝဂ္ဂဘေဒ"မဖြစ်အောင် စောင့်ရှောက်နိုင်ခဲ၏။
ဘာပဲဖြစ်ဖြစ် အင်္ဂါ(၃)ချက်နှင့်ညီအောင် သိမ်နုတ်သောအခါ
ခပ်ပိုပို နုတ်ခြင်းသာ အကောင်းဆုံးဖြစ်၏။
အချိုသော နေရာတို့၌ ဗဒ္ဓသိမ်ဟောင်း မရှိနိုင်သော်လည်း
"မိုး မပြိုဘူး၊ ပြိုခဲ့သော်"ဟူသော သဘောမျိုးဖြင့် သိမ်ဟောင်း
ရှိ၍ (စပ်+လွှမ်း)ဖြစ်ခဲ့သော် သိမ်ပျက်ဖြစ်မှာ စိုးရကား နုတ်ခြင်း
သာ အကောင်းဆုံးဖြစ်၏။
နုတ်သော အင်္ဂါ၌လည်း အင်္ဂါ(၃)ချက်ညီဖို့ရာ အထူးအရေးကြီး၏။
အဆောက်အအုံ ဆောက်သောအခါ၌လည်း မပျက်သော ဗဒ္ဓသိမ်
ဟောင်းကို မိအောင် သမုတ်သမျှ ကုန်အောင်ဆောက်ခြင်းသာ
အကောင်းဆုံးဖြစ်၏။
{မေး} အဆောက်အအုံ မဆောက်မီ သိမ်မနုတ်ဘဲ
အဆောက်အအုံ ဆောက်ပြီး အဆောက်အအုံပေါ်မှ သိမ်နုတ်လျှင်
သိမ်ဟောင်း ကျွတ်/မကျွတ်ဖြေပါ။
{ဖြေ} ဆောက်ထားသော အဆောက်အအုံ၏ အောက်၌
ဗဒ္ဓသိမ်ဟောင်း မရှိခဲ့သော် ပြဿနာမရှိ၊ နုတ်စရာလည်း
မလိုပါ။ အကယ်၍ ဆောက်ထားသော အဆောက်အအုံသည်
ဗဒ္ဓသိမ်ဟောင်းပေါ်၌ အနည်းနှင့်အများ ကျရောက်နေလျှင်
ထို အဆောက်အအုံသည်လည်း ဗဒ္ဓသီမဋ္ဌ သိမ်ဖြစ်နေ၍
အောက်က ဗဒ္ဓသိမ်ဟောင်း ကျွတ်ပါသည်။
{ရှင်းလင်းချက်} ဗဒ္ဓသိမ်ဟောင်းသည် ဘယ်က စ၍၊ ဘယ်မှာ
ဆုံးသည်၊ အဆောက်အအုံအောက် မည်မျှဝင်နေသည်ကို
မသိနိုင်သည့်အတွက် နုတ်သောအခါ ပတ်ပတ်လည်မှ
သိမ်နှစ်လုံးစာလောက်အထိ သံဃာသိမ်း၍ (နယ်သိမ်း၍)
နုတ်အပ်၏။ #သတိပြု။
သိမ်ဟောင်း လုံးဝမရှိလျှင်ကား ပြောစရာမရှိပါ။
(၃)ယူဇနာအထိ ကျယ်နိုင်သော မဟာသိမ်ကြီးများ ရှိခဲ့လျှင်လည်း
လုံးဝ နုတ်လို့မဖြစ်နိုင်ပါ။ သံဃာ မသိမ်းနိုင်သောကြောင့်တည်း။
အထူးအားဖြင့် ရေးလိုသည်မှာ ဆောက်ထားသော အဆောက်
အအုံ၏ အောက်၌ ဗဒ္ဓသိမ်ဟောင်းနှစ်လုံး မထိဘဲ နီးနီးကပ်ကပ်
ရှိနေခဲ့သော် အပေါ်က အဆောက်အအုံသည် ဒွိသိမ် သီမဋ္ဌ
ဖြစ်နေ၍ (နာနာသီမာယ ဌိတစတုတ္ထောစေ)စသော မဟာဝါပါဠိ
(၄၄၀)အရ ၎င်း အဆောက်အအုံ၌ ဆောင်ရွက်သော
သိမ်နုတ်ခြင်းစသော ကံကြီးကံငယ်များ လုံးဝ မအောင်မြင်ပါ။
#သတိပြု။
သို့သော် ဗဒ္ဓသိမ်ဟောင်း နီးနီးကပ်ကပ် နှစ်လုံးရှိဖို့ အသာထား
တစ်လုံး ရှိဖို့ပင် မလွယ်ပါ။ ရှိခဲ့ပါဘိတည်း။
ဤနေရာဝယ် မြေပေါ်၌ သိမ်နုတ်စဉ် မဏ္ဌပ်ထိုး/ဖျာခင်း
တစ်ပါးနှင့်တစ်ပါး သင်္ကန်းစွန်းချင်း ထိတာကိုပင် ဝိနည်း
ကျွမ်းကျင် ပညာရှင်များ မနှစ်သက်ကြ။ အကြောင်းကား -
ထို(နာနာသီမဋ္ဌ)ကို ကြောက်သောကြောင့်တည်း။
ပဲခူမြို့ "ကလျာဏီသိမ်ကြီး" သမုတ်စဉ်က မဏ္ဌပ်ထိုး၍ နုတ်၏ဟု
ကလျာဏီကျောက်စာ၌ပါ၏။ နာနာသီမဋ္ဌ မရှိနိုင်ဟု ယုံကြည်
သောကြောင့် (သိမ်နုတ်+သိမ်သမုတ်)တော်မူကြပုံရ၏။
"တိုက်ဒေါင့်ခဏ္ဌ တိုက်လုံးကျ ဗဒ္ဓသိမ်မဟာ"နှင့် အညီ
တစ်တိုက်လုံးကို သမုတ်သော် မဟာသိမ်ကြီးများ မရှိနိုင်ဟု
တွေးသလို နီးနီးကပ်ကပ် သမုတ်ထားသော ဗဒ္ဓသိမ် နှစ်လုံး
လည်း ရှိနိုင်/မရှိနိုင် ပညာရှင်များ စဉ်းစားတော်မူသင့်၏။
(ဂါမသီမာဒိဝိနိစ္ဆယ ကျမ်း၌ အဆုံးအဖြတ် များစွာပါရှိ၏။
ဤ၌ အကျဉ်းမျှကိုသာ ဖော်ပြပေးခြင်း ဖြစ်ပါသည်။)
အရှင်ဝါသဝ(သာသနာ့ဂုဏ်ရည်)
~~~~~~~~~~~~~~~~~~~~~~~~~~~
တတိယအနေနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု
တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ/အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ){D.Litt}
မထေရ်မြတ် ရေးသားတော်မူခဲ့သော "သိမ်သင်တန်း"စာအုပ်မှ
ကောက်နှုတ် ဖြေကြားလိုက်ပါသည်ဘုရား။
အပေါ်ထပ်၌ သိမ်သမုတ်ရာ
=====-==========
....... ပြာသာဒ်အပေါ်၌ သိမ်သမုတ်ရာ၌လည်း -
{၁} နံရံကို နိမိတ်မကြားဘဲ နံရံအတွင်း၌ ကျောက်ခဲတို့ကိုထား၍
သမုတ်ရမည်။ (ပုံ - ၃၅ အတိုင်း)
{၂} အကယ်၍ အတွင်း၌ သံဃာ (၂၁)ပါး မနေလောက်အံ့၊
အဦး ဆင်ဝင်၌လည်း နိမိတ်တို့ကိုထား၍ သမုတ်ရမည်။
(ပုံ - ၃၆ အတိုင်း)
{၃} ဤသို့ သမုတ်ပါလျှင် အထက်ထပ်၌သာ သိမ်ဖြစ်၍
အောက်ထပ်သို့ သိမ် မသက်ပေ။
ဤ၌ (၃)သည် (၁) (၂) နှစ်မျိုးလုံးနှင့်ဆိုင်သော စကားတည်း။
(၁) အမှတ် သိမ်၌ နံရံလေးဘက်အတွင်းဝယ် ကျောက်နိမိတ်များကို
ထားသောကြောင့် ယင်း ကျောက်တို့၏ အတွင်းဘက်ကျသော
အောက်ထပ်၌ သက်စရာမရှိဘဲ ဟင်းလင်းဖြစ်နေသောကြောင့်
သိမ် မသက်ခြင်း ဖြစ်ပေသည်။
(၂) အမှတ် သိမ်၏ အောက်ထပ်သို့ မသက်ခြင်းကား -
အဆောင်မနှင့် အဦးဆင်ဝင်ကြားတွင် နံရံရှိ၍ ထိုနံရံသည်
အောက်ထပ်နှင့် ဆက်နေသော်လည်း ယင်း နံရံပေါ်တွင်
သံဃာ(၂၁)ပါး မနေလောက်သောကြောင့် သိမ် မသက်ခြင်း
ဖြစ်သည်။နံရံ၏ အထက်ကား သီမဋ္ဌပင် ဖြစ်တော့သည်။
(သာရတ္ထ - ၃/၂၇၂။ ဝိမတိ - ဒု - ၁၀၅)
ထို့ကြောင့် ယခုခေတ် အုတ်တိုက်ကျောင်းများဝယ် အောက်ထပ်သို့
သိမ် မသက်စေဘဲ အထက်ထပ်ကိုသာ သိမ်ဖြစ်စေလိုလျှင်
နံရံလေးဘက်နှင့် (၆)လက်မ (၁)ပေ စသည်ခွာ၍ အထက်ထပ်
ကြမ်းပေါ်မှာ ကျောက်ခဲများကို ခင်းထားပြီးလျှင် နိမိတ်ကြား၍
သမုတ်ရမည် ဖြစ်လေသည်။
ဤအချက်ကို (အထူး)ဂရုစိုက်၍ လေ့လာသင့်ပါသည်။
၁၃၁၅ - ခုနှစ်လောက်ဆီက နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့သည်
လန်ဒန်မြို့၌ တိုက်တစ်လုံးဝယ်၍ ယင်း တိုက်(၄)ထပ်(၅)ထပ်
ဖြစ်ခဲ့သော် အထက်ဆုံးအထပ်ကို သိမ်သမုတ်၍ ကျန်အထပ်များကို
ဗုဒ္ဓသာသနာအဖွဲ့ပိုင် ပစ္စည်းအနေနှင့်ထားလျှင် ဖြစ်နိုင်/မဖြစ်နိုင်ကို
ဝန်ဆောင်သံဃာအဖွဲ့အား လျှောက်ထားခဲ့ဘူးသည်။
အထက်၌ ပြခဲ့သော (၁ -၂ - ၃) အမှတ်ပါ စကားရပ်များကို
သဘောကျထားပါမူ အလွယ်တကူပင် ဖြစ်နိုင်ကြောင်း
အဖြေပေးရန် ဖြစ်ပါတော့သည်။
အကယ်၍ အောက်ထပ်၌ တိုင်အများရှိ၍ ထိုတိုင်တို့အပေါ်တွင်
ထုပ်,လျှောက်တင်၍ ယင်း ထုပ်,လျှောက်တို့နှင့် တစ်ဆက်တည်း
ပြုကာ အပေါ်ထပ်ကို သိမ်ဆောက်ထားအံ့၊ ထိုသို့ ဆောက်ရာ၌
အထက်ထပ် နိမိတ်ကျောက်များ၏ အတွင်းဘက်၌ ကျရောက်
အောင် အောက်ထပ်နံရံတို့ကို ဆောက်အပ်သည် ဖြစ်အံ့၊
ထိုသို့ဖြစ်လျှင် အထက်ထပ်၌ သိမ်သမုတ်ပါက ထိုသိမ်သည်
အောက်ထပ်သို့လည်း သက်တော့သည်။
(ပုံ - ၃၉ အတိုင်း)
ဤ၌လည်း နံရံလေးဘက်စလုံးရှိမှသာ အောက်သို့သက်သည်။
နံရံနှစ်ဘက် သို့မဟုတ် သုံးဘက်သာရှိလျှင် အောက်သို့မသက်။
နံရံလေးဘက်လုံး ရှိရာ၌လည်း အောက်ထပ်နံရံအတွင်းဝယ်
သံဃာ(၂၁)ပါး စည်းဝေးလောက်မှ သိမ် သက်သည်။
သက်သောအခါလည်း အထက်ထပ် သိမ်ပမာဏအတိုင်း မသက်ဘဲ
အောက်နံရံ အပြင်စွန်း ရှိသလောက်သာ သက်သည်။
နံရံအပြင်စွန်း၏ အပြင်ဘက်သို့မူ တစ်ဆံခြည်ဖျားမျှပင်
မသက်ဟု မှတ်အ်၏။
(သာရတ္ထ - တ - ၂၇၂။ ဝိမတိ - ဒု - ၁၄၅)
အောက်ထပ်၌ တိုင်ကြီးတစ်တိုင်တည်းဖြင့် ဆောက်အပ်သော
တစ်ပင်တိုင် ပြာသာဒ်မျိုး၌မူ တိုင်ကြီးပေါ်တွင် သံဃာ(၂၁)ပါး
စည်းဝေးလောက်လျှင် အောက်သို့လည်း သိမ် သက်သည်။
မစည်းဝေးလောက်လျှင်မူ အထက်ထပ်သာ သိမ်ဖြစ်သည်။
အောက်သို့မသက်။(ပုံ - ၄၀ အတိုင်း)
အကယ်၍ ပြာသာဒ်နံရံမှ အပြင်ဘက်သို့ ထွက်နေသော
"နိယျူဟက"စသည်တို့၌ နိမိတ်ကျောက်တို့ကိုထား၍
သိမ်သမုတ်အံ့၊ ပြာသာဒ်နံရံသည် သိမ်အတွင်း၌ဖြစ်သည်။
အောက်ထပ်သို့သက်/မသက်ကိုမူ အထက်ထပ် သိမ်ပမာဏ၏
အတွင်းဘက်ကျသော အောက်ထပ်နံရံလေးဘက်တို့သည်
ထုပ်,လျှောက်တို့နှင့် တစ်စပ်တည်းဖြစ်၍ အောက်ထပ်၌
သံဃာ(၂၁)ပါးလည်း စည်းဝေးလောက်လျှင် သိမ် သက်သည်။
ထိုသို့မဖြစ်လျှင် မသက်ဟု ပြခဲ့ပြီးသောနည်းအတိုင်း သိရာ၏။
ဤ၌ "နိယျူဟက"ကို ဆရာတော်တို့ အမျိုးမျိုးအနက်ပေးကြ
သည်ကို တွေ့ရသည်။စလင်းဂဏ္ဌိဆရာတော်က "မုတ်ထွက်"
ဟု အနက်ပေး၍ မအူဆရာတော်က"ထုပ်စွမ်း"ဟု ပေးသည်။
ထိုအနက် နှစ်မျိုးကား ရွှေဥမင်ဆရာတော်ပေးခဲ့သော အနက်
များပင်ဖြစ်သည်။
ဘာသာဋီကာ၌ကား "ဆင်စွယ်ကောက်ငယ်"ဟု အနက်ပေး
သည်။
ပါဠိအင်္ဂလိပ်အဘိဓာန်၊ သက္ကဋ အင်္ဂလိပ်အဘိဓာန်တို့၌
အခြား အနက်များအပြင် (Pinnacie,Turret)ဟုလည်း
ပေးသည်ကို တွေ့ရသည်။
ထိုတွင်(Turret)ဟူသည်မှာ များစွာသော အိမ်တို့၌ နံရံအပြင်သို့
ထုတ်ထားသော ဘုရားဆောင်များနှင့် ခပ်ဆင်ဆင်တူသော
အထက်ထပ်ကြမ်းနှင့် တစ်ပြေးတည်းဖြစ်သော အထက်ထပ်မှ
အပြင်သို့ ထုတ်ထားသော အဆောင်မျိုးတည်း။
ယင်း အဆောင်မျိုးကို အနောက်နိုင်ငံ ရှေးဟောင်းအဆောက်
အဦးတို့၌ အဆောက်အဦး၏ ထောင့်တို့မှာ ထုတ်လေ့ရှိပါသည်။
(ပုံ - ၄၁ အတိုင်း)
ထိုသို့ အနက်အမျိုးမျိုးပေးလျှက် ရှိကြရာ မည်သည့်အနက်ကို
ယူရမည်ဟု အတိအကျမဆိုနိုင်သော်လည်း စကား အသွား
အလာကို ကောက်လျှင် အပြင်သို့ထုတ်ထးသော
"အဆောင်ငယ်"ဟူသော အနက်သည် အလျော်ဆုံးဖြစ်မည်ဟု
ယူဆပါသည်။ရွှေဥမင်ဆရာတော်၏ "မုတ်ထွက်"ဟူသည်မှာ
ယင်း အဆောင်မျိုးကိုပင် ဆိုလိုဟန်ရှိသည်ဟု ထင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
မေးခွန်းရှင် Ashin kolita အရှင်သူမြတ်လည်း
ဤအဖြေများကို ကျေနပ်အားရလိမ့်မည်ဟု ထင်မိပါသည်ဘုရား။
{ မေးခွန်းတွင် မပါဝင်သော်လည်း "နိယျူဟက"ပုဒ်နှင့်
စပ်လျဉ်း၍ မှတ်သားဖွယ် ကောင်းသောကြောင့် ထည့်သွင်း
ဖြေကြားပေးလိုက်ပါသည်ဘုရား။}
အရှင်ဝါသဝ (သာသနာ့ဂုဏ်ရည်)
(အထူး မှတ်ရန်) -
"အောက်မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အာကာသဋ္ဌ သိမ်ကား...
အလုံမြို့၊ ဓမ္မိကာရာမ ကျောင်းတိုက်ရှိ သိမ်တော်တည်း။
ထို့နောင်၌ ရန်ကင်း၊ ပဉ္စနိကာယ်ကျောင်းတိုက်။
မြောက်ဥက္ကလာ၊ အာသာဝတီကျောင်းတိုက် စသည်တို့၌လည်း ကောင်းကင် သိမ်များ ဖြစ်ပေါ်ကြသည်ဟု ပခုက္ကူ ဆတော်နန်၏
တပည့် ယခုအခါ၌ သက်တော် (၈၄) နှစ် ရှိတော်မူသော
မြောက်ဥက္ကလာ ရန်ကုန်ကျောင်း ဆတော်က မိန့်သည်"
ဟူသော ရွှေညဝါ ဆရာဦးသုန်၏ ဖြေကြားချက်ကိုလည်း
မှတ်သားထားသင့်ပါသည်.
![image](https://img.esteem.ws/xwpmu7bj3q.jpg)
@gla